(သာသနာ့ဥသျှောင်ဖွဲ့စည်းရခြင်းအကြောင်း)
သာသနာ့ဥသျှောင်ဖွဲ့စည်းရခြင်း၏အဓိကအကြောင်းရင်းသည် ပခုက္ကူသံဃာတော်
များ၏ မေတ္တာ သုတ်ရွတ်ဖတ်ခြင်းနှင့်ဆုတောင်းမေတ္တာပို့သခြင်းတို့အပေါ် စစ်တပ်
မှအကြမ်းဖက်နှိမ်နင်းခြင်းတို့ကြောင့်ဟု ပင်ပြောရပေလိမ့်မည်။ယနေ့မြန်မာနိုင်ငံ
သည်လွန်ခဲ့သောအနှစ်၂၀ကမြန်မာနိုင်ငံမဟုတ်တော့ပါ။
" အရာရာတိုင်းသည် အဟောင်းအဟောင်းသော နေရာများတွင် အသစ်အသစ်များက
အစားထိုးဝင်ရောက် နေကြသော ခေတ်ကြီးဖြစ်လေသည်။
" ကမ္ဘာ့နေရာအနှံ့အပြားတွင်လည်း ယခင်ကမြေကပ်အဆောက်အဦ
များအစား မိုးမျှော်တိုက်ကြီးများဖြင့် အစားထိုးဝင်ရောက်နေရာယူနေကြလေပြီ။
ကမ္ဘာတ၀န်းလုံးက လူသား ထုကြီးသည်လည်း အိုင်တီ၊ အိုင်တီ၊ လကမ္ဘာ၊
လကမ္ဘာဟု တွင်တွင်ကျယ်ကျယ်ကြီးအသုံးပြုနေကျယ်ကျယ်လောင်လောင်ကြီး
သံပြိုင်ဟစ်ကြွေးနေကြချိန်လည်းဖြစ်လေသည်။ တရိပ်ရိပ်တက်လာနေသော
ကမ္ဘာ့စီးပွားရေးစနစ်၊ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာနှင့်အစားထိုးဝင်ရောက်
မူ့များ၊ အပြောင်းအလဲများအား ကမ္ဘာ့လူသားထုကြီးကလည်း ၀မ်းပန်းတသာနှင့်
ကြိုဆိုကြ၊ လက်ခံကြလေသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း ထိုအပြောင်းအလဲ ရေလှိုင်း၏နောက်သို့လိုက်
ပါနေသော လှေငယ် လေးတစ်စင်းသာ ဖြစ်လေသည်။ သို့သော် ကျွန်ုပ်တို့နိုင်ငံ
၏အပြောင်းအလဲများ၊ အစားထိုးဝင်ရောက်မှုများ သည် ကမ္ဘာ့နိုင်ငံတွေလို မိုးမျှော်
တိုက်ကြီးတွေ၊ အိုင်တီတွေ၊ လကမ္ဘာတွေမဟုတ်ဘဲ စီးပွားရေးအကြပ်အ တည်းများ၊
ကုန်ဈေးနူန်းအဆမတန်မြင့်တက်မှုများ၊သဘာဝဘေးဒဏ်များတို့ဖြင့်သာ အစားထိုး
ဝင်ရောက်မှု တွေရှိနေလေသည်။
တချိန်ကအာရှတွင် ကျားဟုဆိုရလောက်အောင်ချမ်းသာကြွယ်သော မြန်မာနိုင်ငံ
သည်၊ယနေ့ခေတ်ကာလတွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားချေပြီ။
တချိန်ကမြန်မာနိုင်ငံသို့လာရောက်၍ အလုပ်လုပ်နေရသော အိမ်နီးချင်းနိုင်ငံများမှ
ပြည်သူများသည် ယနေ့အချိန်အခါ၌မြန်မာပြည်သူတို့၏အလုပ် ရှင်သူဌေးများဖြစ်
နေကြလေပြီ။
တချိန်ကအာရှတွင်သာမက အနောက်ဥရောပနိုင်ငံများသို့တိုင်ဝင်ရောက်ထိုး
ဖောက်နိုင်စွမ်းရှိသောမြန်မာနိုင်ငံပညာရေးစနစ်သည် ယနေ့တွင် သုညအမှတ်
သို့ဆိုက်ရောက်နေပေပြီ။ အားလုံးကိုခြုံ၍ကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံ၏
အပြောင်းအလဲများသည် တခြားတခြားကမ္ဘာ့နိုင်ငံ၊ အိမ်နီး ချင်းနိုင်ငံများကဲ့သို့
အကောင်းဘက်သို့ ဦးတည်ပြောင်းလဲခြင်းများမဟုတ်ဘဲ၊ဆင်းရဲဒုက္ခများ၊ အကြပ်
အတည်းများ၊ ပြည်သူများအတွက်ဒုက္ခပင်လယ် ဝေမှုများအဖြစ်နဲ့သာ ပြောင်းလဲ
နေခြင်းဖြစ်လေသည်။ ထို ကဲ့သို့မြန်မာတနိုင်ငံလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရသော
ဆင်းရဲဒုက္ခများ၊အကြပ်အတည်းများအား မကြည့် ရက်နိုင်သော သံဃာတော်အရှင်
မြတ်များမှ ကျေးဇူးရှင်ဒကာ၊ဒကာမများ ထိုဒုက္ခများမှကင်းဝေးစေရန်ရည်ရွယ်ချက်
များဖြင့် အုပ်ချူပ်သူတို့အား ငြိမ်းချမ်းစွာဖြင့် မိမိတို့၏ဆန္ဒများအား ထုတ်ဖော်ခြင်း၊
ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအရ မေတ္တာပို့ဆုတောင်းခြင်းများကို
ပြုလုပ်ခဲ့ကြလေသည်။
ထိုကဲ့သို့သံဃာတော် များက ငြိမ်းချမ်းစွာဆုတောင်းမေတ္တာပို့သခြင်း၊ ဆန္ဒ
ထုတ်ဖော် ခြင်းများကို အာဏာရှင်စစ်တပ်က ရဟန်း သံဃာတော်တွေ၊
ကျောင်းသားတွေ၊ သီလရှင်ဆရာလေးတွေ၊ပြည်သူပြည်သားတွေအပါအ၀င်
အားလုံးကိုလက်နက်များဖြင့်ပစ်ခတ်နှိမ်နှင်းခြင်း၊ စစ်ဖိနပ်များဖြင့်ကန်ခြင်း၊
နေ့ရောညပါဖမ်းဆီးခြင်း၊ အကျဉ်းစခန်း များသို့ပို့ဆောင်ခြင်း၊ လူမဆန်စွာရိုက်
နှက်ခြင်းများကို ရက်ရက်စက်စက်ပြုလုပ်ခဲ့ကြလေသည်။
ထိုကဲ့သို့အကြမ်းဖက်နှိမ်နှင်းမှုများအား ပြည်တွင်းပြည်ပတွင်ရှိနေကြသော
ရဟန်းသံဃာတော်များ၊ ပြည်သူပြည်သားများအားလုံးက ၀မ်းနည်းပက်လက်ဖြစ်
ကြရ၊ ယူကြုံးမရဖြစ်ကြလေသည်။
ဆရာတော်ကြီး များထံသို့ချဉ်းကပ်၍လည်း အရှင်ဘုရားများ တခုခုမှမလုပ်ပေးနိုင်
ကြတော့ဘူးလား၊ ဒီအတိုင်းပဲကြည့်နေကြ တော့မှာလားဘုရားဟု ၀ိုင်း၍လျှောက်
ထားကြသောအခါ ကျေးဇူးရှင်ပီနန်ဆရာတော်ဘုရားကြီးမှ မြန်မာ နိုင်ငံတွင်
ကျရောက်နေသော အခက်အခဲများအား ကမ္ဘာ့ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ကူညီ
ပေးဘို့ရန် တောင်းဆိုနိုင်သော အဖွဲ့အစည်းတစ်ရပ်တော့ လိုအပ်နေပြီ။ ထို့အပြင်
မြန်မာနိုင်ငံ၌ကျရောက်နေသော သာသနာ့ဘေးရန်များကို ကာကွယ်ရန်အတွက်
ရုပ်သေးသံဃာ့အဖွဲ့မျိုးမဟုတ်ပဲ ဘက်မလိုက်သံဃာ့အဖွဲ့အ စည်းတရပ်လည်း ရှိ
သင့်နေပြီဟု သုံးသပ်မိခြင်းကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့
(သာ သနာ့ဥသျှောင်) ကိုဖွဲ့စည်းလိုက်ရခြင်းဖြစ်လေသည်။
သာသနာ့ဥသျှောင်အဖွဲ့ချုပ်၏ရုံးစိုက်ရာသည် အမေ ရိကန်နိုင်ငံ၊နယူးယော့မြို့
တွင်ဖြစ်ပြီး ကျန်ကမ္ဘာ့နိုင်ငံများ၌သာသနာ့ဥသျှောင်အဖွဲ့ကြီး၏အဖွဲ့ခွဲများ အဖြစ်
ဖွဲ့စည်းခဲ့လေသည်။
ထိုကမ္ဘာ့နိုင်ငံအသီးသီးရှိ သာသနာ့ဥသျှောင်အဖွဲ့ခွဲများထဲတွင် အိန္ဒိယနိုင်ငံ
သာသနာ့ဥသျှောင်အဖွဲ့သည်လည်း တစ်ခုအပါအ၀င်ဖြစ်လေသည်။ အိန္ဒိယနိုင်ငံရှိ
သာသနာ့ဥသျှောင်အဖွဲ့အား နယူး ဒေလီမြို့၊ ရှစ်လေးလုံးကျောင်းတိုက်ဆရာတော်
ဦးပညာဝရမှဦးဆောင်ကာ မြတ်စွာဘုရားမာရ်ငါးပါးကို အောင်မြင်ရာ ဗောဓိပင်နှင့်
ရွှေပလ္လင်ရင်း၌ မာရ်နတ်၏အသင်းအပင်း၊ မာရ်နတ်ထက်ပင် ဆိုးသွမ်း ယုတ်မာသော
အာဏာရှင်စစ်တပ်အား အပြီးသတ်ဆုံးခန်းတိုင်အောင်မြင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့်
ဖွဲ့စည်းခဲ့လေသည်။
ယနေ့အချိန်အခါ၌ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့
( သာသနာ့ဥသျှောင်) အဖွဲ့ကြီး သည်မြန်မာနိုင်ငံ၏ဘာသာရေး၊
လူမှု့ရေး၊နိုင်ငံရေးအားလုံးတို့အား ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံ၍
ဆွေးနွေးခြင်း၊ အကောင်အထည်ဖော်ခြင်းများကို
စွမ်းစွမ်းတမံပြုလုပ်လျှက်ရှိ နေပေပြီ။
အဲမွန်။
--
ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လိုသတ်ရဲဖြတ်ရဲမှ၊
တေမိလို ငရဲကြောက်နေသူ ရှင်ဘုရင်မဖြစ်နိုင်။
သခင်ကိုယ်တော်မှိုင်း။
Friday, August 1, 2008
ဆားပုလင်းနှင်းမောင်၏ဖခင် မင်းသိင်္ခကွယ်လွန်

ဆားပုလင်းနှင်းမောင်၏ဖခင် ကွယ်လွန်
မိုးမခအထောက်တော် - ၃သြဂုတ် ၁၊ ၂၀၀၈
မြန်မာနိုင်ငံတွင် အထင်ရှားဆုံးဗေဒင်ဆရာတဦးဖြစ်သူ စာရေးဆရာ မင်းသိင်္ခသည် ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားသည်။ မင်းသိင်္ခသည် မကွယ်လွန်မီက နှလုံး၊ ဆီးချို၊ သွေးတိုး စသည့်ရောဂါ များကို ခံစားနေရပြီး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာ နေထိုင်ခဲ့ရသူဖြစ်သည်။
အမည်ရင်းမှာ ဦးအောင်ထွန်းဖြစ်ပြီး ၁၉၃၈ ဇွန် ၂၅ တွင် မွေးဖွားခဲ့သူဖြစ်သည်။ ဆရာမင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် စုံထောက်ဝတ္ထုများမှာ လွန်စွာ လူကြိုက်များခဲ့သည်။ “မနုစာရီ”သည် ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သည်။ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သူ၏ ထင်ရှားသည့်စာအုပ်များမှာ လျှို့ဝှက်ဆန်းကျယ်၊ ဂမ္ဘီရ၊ ဗေဒင် စသည့် ဘာသာရပ်ဆိုင်ရာစာအုပ်များဖြစ်သည်။
မင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇၀ အထိ အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်န၀ါရီလထုတ်)တွင် အောက်ပါအတိုင်း ပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်က ကြားထဲက တရားဟောတယ်။ အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာ ပေါ်ပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်း ပြီးရော သောင်းကျန်းသူက တောထဲပြန်တယ်၊ ကိုယ်တို့က ပြန်စရာ မရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။”
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။
မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့်ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များ အဆက်မပြတ် ခဲ့ပေ။ “နိုင်ငံရေး ထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့်လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကို ဂေါ်နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။

နာမည်ကျော် ဗေဒင်ဆရာ စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်

၊ဧရာဝတီ၊ အေးလဲ့ သြဂုတ် ၁၊ ၂၀၀၈
နာမည်ကျော် ဗေဒင်နက္ခတ္တ ဆရာ၊ စာရေးဆရာ မင်းသိင်္ခသည် ယနေ့နံနက်က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။
“မနက် ၆ နာရီခွဲ ဝန်းကျင်လောက်က ဆုံးတာ၊ အဓိကကတော့ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ဆုံးသွားပါတယ်”ဟု သုခကမ္ဘာ ဆေးခန်းမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။
အဆိုပါ မင်းသိင်္ခ (အမည်ရင်း ဦးအောင်ထွန်း) သည် ကွယ်လွန်ချိန်တွင် အသက် ၇၀ နှစ်ရှိပြီး ရန်ကုန်မြို့ ကျောက်မြောင်း တွင် အဖ ပန်းချီဆရာ ဦးစံရှိန်နှင့် အမိဒေါ်တင်တို့မှ ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမ ၇ ဦးရှိသည့်အနက် သားအကြီးဆုံးဖြစ်သည်။
မင်းသိင်္ခ၏ တပည့်တဦးဖြစ်သူ ဇင်ယော်နီက “အဘမဆုံးခင်က မနေ့ မနက်ပိုင်းလောက်မှာ ဆေးရုံတင်လိုက်ရသေးတယ်၊ အခု အဘရဲ့အလောင်းကိုတော့ မှော်ဘီကိုပြန်သယ်လို့ မရတော့တဲ့အတွက် ရေဝေးသုသာန် ရေခဲတိုက်မှာ ထားပါတယ်” ဟု ပြောသည်။
မင်းသိင်္ခသည် ၂၀၀၃ ခုနှစ်ကတည်းက နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရပြီး နောက်ပိုင်း ကျန်းမာရေး မကောင်းဖြစ်ခဲ့ကြောင်း လည်း ၎င်းကပြောသည်။
မင်းသိင်္ခသည် စိန်ပေါလ် ကျောင်းတွင် ဆယ်တန်းတက်နေချိန် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့ကြောင်းနှင့် အလံနီကွန်မြူနစ် ပါတီတွင် ၀င်ရောက်လှုပ်ရှားခဲ့မှုကြောင့် ထောင် ၇ နှစ် ကျခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း ၁၉၇၀ ကျော်ကာလများ၌ တောင်ကြီးမြို့တွင် ဗေဒင် စတင်ဟောကြားပြီး စာလည်း ရေးကြောင်းသိရသည်။
၁၉၇၆ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်ရောက်ပြီး မင်းသိင်္ခသည် မနုစာရီ လုံးချင်းဝထ္ထုဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး နာမည်ကျော် “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲများမှာ စာဖတ်ပရိသတ်များ အကြားတွင် စွဲစွဲလမ်းလမ်း ဖတ်ခဲ့ရကြောင်းကို စာဖတ်သူတဦးက ယခုလို ပြောသည်။
“အသက် ၁၁ နှစ်သား အရွယ်ကတည်းက “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတယ်၊ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ ကိုမိုးဆွေ၊ မိုးသီး၊ ကိုသေတ္တာတို့က စွန့်လွှတ်စွန့်စားတယ်၊ အနစ်နာခံတယ်၊ ဒါတွေဟာ လူငယ်တွေကို စံပြထားလောက်တဲ့ ဇာတ်ကောင်တွေဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။
မနုစာရီ၊ ပုဏ္ဏားဘကွန်း၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား စတဲ့စာအုပ်များမှာလည်း မင်းသိင်္ခ၏ ရေပန်းအစားဆုံးသော စာအုပ်များ ဖြစ်ခဲ့သည်။
မင်းသိင်္ခသည် ၁၉၈၈ အရေးအခင်း ဖြစ်ပွားချိန်တွင်လည်း တရားဟောပြောခဲ့မှုကြောင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့လယ်တွင် အဖမ်းခံခဲ့ရပြီး ထပ်မံ၍ နှစ်ရှည်ထောင်ဒဏ် ကျခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ထောင်မှ ပြန်လွတ်သည်။ ထောင်မှ ထွက်လာပြီးနောက်ပိုင်းတွင် မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ ခြံတွင်နေထိုင်ပြီး လက္ခဏာ၊ ဂမ္ဘီရ၊ ဗေဒင်၊ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြား၊ ယတြာပေးခြင်း အလုပ်များကို လုပ်ကိုင်ခဲ့သည်။
မင်းသိင်္ခသည် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် ၂၀၀၉ ခုနှစ်အတွက် နက္ခတ္တ ဗေဒ ပါရဂူဘွဲ့ နှင့် ဗေဒင်ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (၂) ခုကိုလည်း သွားရောက်ယူရမည်ဟု သိရသည်။မင်းသိင်္ခ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ၌ ရေဝေးသုသာန်တွင် ဂူသွင်း င်္သဂြိုလ်မည် ဖြစ်ကြောင်း ဇင်ယော်နီက ပြောသည်။

ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာများ ချပေးတော့မည်ဟု သတင်းထွက်ပေါ်နေ

ဧရာဝတီ် ဇူလိုင် ၃၁၊ ၂၀၀၈
မြန်မာစစ်အစိုးရ အနေဖြင့် ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ်ဂျာနယ် ထုတ်ဝေသူများကို နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ပါမစ်များ ချပေးတော့မည်ဟူသည့်သတင်း မြန်မာ စာနယ်ဇင်း အသိုင်းအဝန်းမှ ထွက်ပေါ် လျှက်ရှိသည်။
ဧရာဝတီမဂ္ဂဇင်းမှ ရရှိသော သတင်းများအရ မြန်မာတိုင်းမ်စ် ဂျာနယ်ကို နေ့စဉ်ထုတ် သတင်းစာ အဖြစ် အင်္ဂလိပ်ဘာသာနှင့် ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေမည်ဟု ကြားသိရသည်။
ဇူလိုင် ၂၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် ဂျာနယ်တွင် အမှုဆောင် အရာရှိချုပ် မစ္စတာရော့စ် ဒန်ကလေက မြန်မာတိုင်းမ်စ် ဂျာနယ်၏ စီမံခန့်ခွဲမှု ပုံစံကို ပြောင်းလဲ တော့မည် ဖြစ်ကြောင်းနှင့် ထိုပြောင်းလဲဖွဲ့စည်းခဲ့ သော စီမံခန့်ခွဲမှုအဖွဲ့အနေနှင့် နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေရေးကို အာသီသထား ဆောင်ရွက်ရန် လိုကြောင်း ရေးသားထားသည်။
မြန်မာတိုင်းမ်စ်ဂျာနယ်ကို ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အာဏာရှိစဉ်က လေတပ် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် သိန်းဆွေ၏ သား ဆန်နီဆွေ ရှယ်ယာပါဝင်ကာ နိုင်ငံတကာနှင့် ဆက်ဆံရေးအတွက် အသုံးချရန် အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ယခုအခါလည်း နိုင်ငံတကာ ဆက်ဆံရေးအတွက် ၎င်းဂျာနယ်ကို စစ်အစိုးရက အသုံးချရန် နေ့စဉ်ထုတ်သတင်းစာ အဖြစ် ထုတ်ဝေခွင့် ပြုခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတို့က သုံးသပ်သည်။
မြန်မာတိုင်းမ်စ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ရော့စ်ဒန်ကလေသည် ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က ထောက်လှမ်းရေး အရာရှိများနှင့် နီးစပ်သူဖြစ်ပြီး ယခုလက်ရှိစစ်အစိုးရနှင့်လည်း အဆင်ပြေသူဖြစ်သည်။ ထို့ပြင် မေလက ကျင်းပခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မတိုင်မီက မြန်မာ စ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်ကို ထောက်ခံကြောင်း ၎င်း၏ ဂျာနယ်တွင် ရေးသားခဲ့ဖူးသူလည်း ဖြစ်သည်
နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ကို အင်္ဂလိပ်ဘာသာဖြင့်သာ ခွင့်ပြုနိုင်ခြေ ရှိသောကြောင့် လက်ရှိ အင်္ဂလိပ်ဘာသာဖြင့် ဂျာနယ် ထုတ်ဝေလျှက်ရှိသော မြန်မာ တိုင်းမ်စ် ဂျာနယ်သာ ခွင့်ပြုမိန့် ရရှိနိုင်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ အယ်ဒီတာ တဦးက သုံးသပ်သည်။
“သတင်းတွေကို သာမန်ပြည်သူတွေဆီ ဗုန်းပေါလအော ရောက်စေချင်ပုံမရဘူး။ နေ့စဉ် ထုတ် သတင်းစာဆိုတော့ စိစစ်ရေး အတွက်လည်း တော်တော်လေး တာဝန်ကြီးတယ်။ နိုင်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် အင်္ဂလိပ်လိုပဲ အစမ်းသဘော ချပေးမယ် လို့ ထင်တယ်။ ကျနော်တို့ ထုတ်ဝေခွင့်ရချင်ရင်တော့ အင်္ဂလိပ်လို ဂျာနယ်ထုတ်နိုင်အောင် အရင် လုပ်ရ ဦးမယ်” ဟု ၎င်းက ပြောသည်။
ယခုအခါတွင် မြန်မာတိုင်းမ်စ် ဂျာနယ်က ဝန်ထမ်းသစ်များ ထပ်မံခန့်ထားလျှက် ရှိပြီး ထိုဝန်ထမ်းသစ်များ အားလုံးမှာ တခြားသော သတင်းဂျာနယ်များတွင် အတွေ့အကြုံ ရှိပြီးသူများဖြစ်ကာ လစာအနေဖြင့် မြန်မာတိုင်းမ်စ် ဂျာနယ်က ပိုမိုရရှိသောကြောင့် ကူးပြောင်း အလုပ်လုပ်လိုကြသည်ဟု သိရသည်။
လတ်တလော အခြေအနေတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့် နီးစပ်သူများ ဖြစ်ကြသော မြန်မာတိုင်းမ်စ်၊ ဝိကလီး အလဲဗင်း စသည့် ဂျာနယ်များ၏ အမှုဆောင် အရာရှိချုပ်များနှင့် ဇူလိုင်လ အတွင်းက သီးခြား တွေ့ဆုံမှုရှိခဲ့ကြောင်း ရန်ကုန်သတင်းဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအရ မြန်မာဘာသာဖြင့် နေ့စဉ် သတင်းစာ ထုတ်ဝေရန်မှာ မဖြစ်နိုင်ကြောင်းနှင့် ထိုသို့ ထုတ်ဝေခွင့် ပြုလိုက်လျင် စာပေစိစစ်ရေးအနေနှင့် လုပ်ငန်းပိုင်းဆိုင်ရာ နိုင်နင်းနိုင်ဖွယ်မရှိကြောင်း ရန်ကုန်မီဒီယာဂရု(ပ်) ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက သုံးသပ်သည်။
“ပုဂ္ဂလိက အပြည့်အဝပိုင်တဲ့ နေ့စဉ်ထုတ် သတင်းစာမျိုးကတော့ မဖြစ်နိုင်ဘူး။ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ် ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်” ဟု သူကပြောသည်။ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့် နီးစပ်သည့် ဂျာနယ်တစောင်ဖြစ်သော ဝိကလီးအလဲဗင်း ဂျာနယ်ကမူ ဧရာဝတီမဂ္ဂဇင်း၏ မေးမြန်းချက်ကို မည်သည့်ထင်မြင်ချက်မျှ မပေးချေ။
(ပြည်ပရောက်အတိုက်ခံမှထင်မြင်ချက်သည် ပြည်ပမီဒီယာများကိုတိုက်ခိုက်ရင်အခုလိုပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆသည်)
ရှင်အဲမွန်

မဇ္ဈိမ နှင့် DVB ဝက်ဘ်ဆိုဒ် များ တိုက်ခိုက်ခံရ
မဇ္ဈိမ နှင့် DVB ဝက်ဘ်ဆိုဒ် များ တိုက်ခိုက်ခံရ (ဧရာဝတီ)
အေးလဲ့
ဇူလိုင် ၃၁၊ ၂၀၀၈
ပြည်ပအခြေစိုက် မြန်မာသတင်းဌာနနှစ်ခု၏ အင်တာနက် ၀က်ဘ်ဆိုဒ်များကို တိုက်ခိုက်ခံခဲ့ရသဖြင့်
ပုံမှန် ပြန်လည် ကောင်းမွန်လာရန် ကြိုးစားလုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောသည်။
နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီ
အခြေစိုက် မဇ္ဈိမ မြန်မာပိုင်းသတင်းဌာနတို့၏ အင်တာနက် ဝက်ဘ်ဆိုဒ်များကို မလိုလားသူများက နည်းပညာရပ်ဆိုင်ရာ အသုံးပြုတိုက်ခိုက် ခံခဲ့ရသည့်အတွက် ယင်းဝက်ဘ်ဆိုဒ်များရပ်ဆိုင်းခဲ့ပြီး ကောင်းမွန်စွာဖတ်ရှုမရ ဖြစ်ခဲ့သည်ဟု
တာဝန်ရှိသူများက ပြောသည်။
ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက ပြင်းထန်စွာတိုက်ခိုက်ခံနေရပြီး DVB ဝက်ဘ်ဆိုဒ် http://www.dvb.no ကို
ရပ်ဆိုင်းသွား စေရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း DVB ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ယခင်အပတ် သောကြာ နေ့က သတင်းထုတ်ပြန်ခဲ့သည်။
“နည်းပညာအရ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူရှိသည် ဆိုသည်ကို ပြောဆိုရန်မှာ ခက်ခဲကြောင်း၊ သို့သော်လည်း သည်တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မြန်မာအစိုးရရှိကြောင်း အလွယ်တကူ ပြောနိုင်သည်” ဟု ဦးခင်မောင်ဝင်းက
ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
မဇ္ဈိမသတင်းဌာန၏ ဝက်ဘ်မာစတာကလည်း တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူ ရှိနေမည်ဆိုသည်ကို သိရှိရှာဖွေ ရန်မှာ ခက်ခဲသော်လည်း ဤဝင်ရောက် တိုက်ခိုက်မှုများသည် တရုတ်၊ ရုရှ၊ ဟန်ဂေရီနိုင်ငံများရှိ ဆာဗာများကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
“အဓိကကတော့ မလိုလားတဲ့သူတွေက နည်းပညာပိုင်းဆိုင်ရာကို အသုံးပြုပြီး ဝက်ဘ်ဆိုဒ်တခုကို ဝင်ရောက်ဖတ်ရှုနိုင်တဲ့ သာမန်စာဖတ်သူ ဦးရေထက် ၁၀ ဆလောက်ရှိတဲ့ စာဖတ်သူဦးရေ ဆင့်ပွားပြီး ဝက်ဘ်ဆိုဒ်ကို ၀င်ကြည့်လိုက်တဲ့ အတွက်
ဝက်ဆိုဒ်က ရပ်သွားတာတို့၊ အရင်ကလိုကောင်းကောင်း မွန်မွန် ကြည့်မရတာတို့ ဖြစ်သွားတာပါ” ဟု ၎င်းက ပြောပြသည်။
မဇ္ဈိမသတင်းဌာနဆိုဒ်၏ ယာယီဝက်ဘ်ဆိုဒ် သတင်းတွင် ယင်းတိုက်ခိုက်ခြင်းသည် နည်းပညာ အခေါ်အရ (Distributed Denial of Services – DDoS) attack ဖြစ်ပြီး တိုက်ခိုက်နည်း၏ အဓိကရည်ရွယ်ချက်မှာ ဝက်ဘ်ဆိုဒ်ကို ကြည့်ရှုမရစေရန် ဖြစ်ကြောင်းတို့ကို ရေးသားထားသည်။
မဇ္ဈိမသတင်းဌာန၏ ဝက်ဘ်မာစတာက “ကျနော်တို့ဆိုဒ်မှာကတော့ နေ့စဉ် သတင်းတွေကို back up လုပ်ထားပြီးဖြစ်တော့ အခုမဇ္ဈိမ မြန်မာပိုင်းသတင်းတွေကို ယာယီ ကြည့်ရှုနိုင်ဖို့ http://burmese.mizzima.com စီစဉ်ထားပါတယ်” ဟု လည်း ပြောသည်။
အလားတူပင် ပြီးခဲ့သည့် ၂၀၀၇ ခု နှစ် စက်တင်ဘာလ အတွင်းကလည်း ဧရာဝတီ အင်တာနက် ဝက်ဘ်ဆိုဒ်ကိုလည်း Trojans Virus ဖြင့်တိုက်ခိုက်ခံခဲ့ရပြီး ၎င်း Virus ကို ၄ ရက်ကြာ အချိန်ယူ ရှင်းထုတ်ခဲ့ရကြောင်း ဧရာဝတီ ၀က်ဘ်မာစတာ က ပြောသည်။အဆိုပါ ပြည်ပအခြေစိုက် သတင်းဌာနများသည် မြန်မာစစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး သတင်းထုတ် ပြန်မှုများ၊ ဝေဖန်ရေးသားမှုများ ပြုလုပ်သောကြောင့် စစ်အစိုးရက ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူ များက ပြောဆိုသည်။

Subscribe to:
Posts (Atom)