Friday, August 1, 2008

ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာများ ချပေးတော့မည်ဟု သတင်းထွက်ပေါ်နေ

ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာများ ချပေးတော့မည်ဟု သတင်းထွက်ပေါ်နေ
ဧရာဝတီ် ဇူလိုင် ၃၁၊ ၂၀၀၈
မြန်မာစစ်အစိုးရ အနေဖြင့် ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ်ဂျာနယ် ထုတ်ဝေသူများကို နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ပါမစ်များ ချပေးတော့မည်ဟူသည့်သတင်း မြန်မာ စာနယ်ဇင်း အသိုင်းအဝန်းမှ ထွက်ပေါ် လျှက်ရှိသည်။
ဧရာဝတီမဂ္ဂဇင်းမှ ရရှိသော သတင်းများအရ မြန်မာတိုင်းမ်စ် ဂျာနယ်ကို နေ့စဉ်ထုတ် သတင်းစာ အဖြစ် အင်္ဂလိပ်ဘာသာနှင့် ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေမည်ဟု ကြားသိရသည်။
ဇူလိုင် ၂၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် ဂျာနယ်တွင် အမှုဆောင် အရာရှိချုပ် မစ္စတာရော့စ် ဒန်ကလေက မြန်မာတိုင်းမ်စ် ဂျာနယ်၏ စီမံခန့်ခွဲမှု ပုံစံကို ပြောင်းလဲ တော့မည် ဖြစ်ကြောင်းနှင့် ထိုပြောင်းလဲဖွဲ့စည်းခဲ့ သော စီမံခန့်ခွဲမှုအဖွဲ့အနေနှင့် နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေရေးကို အာသီသထား ဆောင်ရွက်ရန် လိုကြောင်း ရေးသားထားသည်။
မြန်မာတိုင်းမ်စ်ဂျာနယ်ကို ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အာဏာရှိစဉ်က လေတပ် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် သိန်းဆွေ၏ သား ဆန်နီဆွေ ရှယ်ယာပါဝင်ကာ နိုင်ငံတကာနှင့် ဆက်ဆံရေးအတွက် အသုံးချရန် အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ယခုအခါလည်း နိုင်ငံတကာ ဆက်ဆံရေးအတွက် ၎င်းဂျာနယ်ကို စစ်အစိုးရက အသုံးချရန် နေ့စဉ်ထုတ်သတင်းစာ အဖြစ် ထုတ်ဝေခွင့် ပြုခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတို့က သုံးသပ်သည်။
မြန်မာတိုင်းမ်စ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ရော့စ်ဒန်ကလေသည် ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က ထောက်လှမ်းရေး အရာရှိများနှင့် နီးစပ်သူဖြစ်ပြီး ယခုလက်ရှိစစ်အစိုးရနှင့်လည်း အဆင်ပြေသူဖြစ်သည်။ ထို့ပြင် မေလက ကျင်းပခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မတိုင်မီက မြန်မာ စ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်ကို ထောက်ခံကြောင်း ၎င်း၏ ဂျာနယ်တွင် ရေးသားခဲ့ဖူးသူလည်း ဖြစ်သည်
နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ကို အင်္ဂလိပ်ဘာသာဖြင့်သာ ခွင့်ပြုနိုင်ခြေ ရှိသောကြောင့် လက်ရှိ အင်္ဂလိပ်ဘာသာဖြင့် ဂျာနယ် ထုတ်ဝေလျှက်ရှိသော မြန်မာ တိုင်းမ်စ် ဂျာနယ်သာ ခွင့်ပြုမိန့် ရရှိနိုင်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ အယ်ဒီတာ တဦးက သုံးသပ်သည်။
“သတင်းတွေကို သာမန်ပြည်သူတွေဆီ ဗုန်းပေါလအော ရောက်စေချင်ပုံမရဘူး။ နေ့စဉ် ထုတ် သတင်းစာဆိုတော့ စိစစ်ရေး အတွက်လည်း တော်တော်လေး တာဝန်ကြီးတယ်။ နိုင်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် အင်္ဂလိပ်လိုပဲ အစမ်းသဘော ချပေးမယ် လို့ ထင်တယ်။ ကျနော်တို့ ထုတ်ဝေခွင့်ရချင်ရင်တော့ အင်္ဂလိပ်လို ဂျာနယ်ထုတ်နိုင်အောင် အရင် လုပ်ရ ဦးမယ်” ဟု ၎င်းက ပြောသည်။
ယခုအခါတွင် မြန်မာတိုင်းမ်စ် ဂျာနယ်က ဝန်ထမ်းသစ်များ ထပ်မံခန့်ထားလျှက် ရှိပြီး ထိုဝန်ထမ်းသစ်များ အားလုံးမှာ တခြားသော သတင်းဂျာနယ်များတွင် အတွေ့အကြုံ ရှိပြီးသူများဖြစ်ကာ လစာအနေဖြင့် မြန်မာတိုင်းမ်စ် ဂျာနယ်က ပိုမိုရရှိသောကြောင့် ကူးပြောင်း အလုပ်လုပ်လိုကြသည်ဟု သိရသည်။
လတ်တလော အခြေအနေတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့် နီးစပ်သူများ ဖြစ်ကြသော မြန်မာတိုင်းမ်စ်၊ ဝိကလီး အလဲဗင်း စသည့် ဂျာနယ်များ၏ အမှုဆောင် အရာရှိချုပ်များနှင့် ဇူလိုင်လ အတွင်းက သီးခြား တွေ့ဆုံမှုရှိခဲ့ကြောင်း ရန်ကုန်သတင်းဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအရ မြန်မာဘာသာဖြင့် နေ့စဉ် သတင်းစာ ထုတ်ဝေရန်မှာ မဖြစ်နိုင်ကြောင်းနှင့် ထိုသို့ ထုတ်ဝေခွင့် ပြုလိုက်လျင် စာပေစိစစ်ရေးအနေနှင့် လုပ်ငန်းပိုင်းဆိုင်ရာ နိုင်နင်းနိုင်ဖွယ်မရှိကြောင်း ရန်ကုန်မီဒီယာဂရု(ပ်) ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက သုံးသပ်သည်။
“ပုဂ္ဂလိက အပြည့်အဝပိုင်တဲ့ နေ့စဉ်ထုတ် သတင်းစာမျိုးကတော့ မဖြစ်နိုင်ဘူး။ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ် ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်” ဟု သူကပြောသည်။ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့် နီးစပ်သည့် ဂျာနယ်တစောင်ဖြစ်သော ဝိကလီးအလဲဗင်း ဂျာနယ်ကမူ ဧရာဝတီမဂ္ဂဇင်း၏ မေးမြန်းချက်ကို မည်သည့်ထင်မြင်ချက်မျှ မပေးချေ။


(ပြည်ပရောက်အတိုက်ခံမှထင်မြင်ချက်သည် ပြည်ပမီဒီယာများကိုတိုက်ခိုက်ရင်အခုလိုပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆသည်)
ရှင်အဲမွန်

No comments: