Thursday, July 31, 2008

မုန်တိုင်းဒုက္ခသည် မိဘမဲ့ကလေးများကို မန္တလေး ဘုန်းတော်ကြီးများက စောင့်ရှောက်ထား

သတင်း
မုန်တိုင်းဒုက္ခသည် မိဘမဲ့ကလေးများကို မန္တလေး ဘုန်းတော်ကြီးများက စောင့်ရှောက်ထား (ဧရာဝတီ)
ကိုစိုး ဇူလိုင် ၃၀၊ ၂၀၀၈

နာဂစ်မုန်တိုင်း ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မိဘမဲ့ ကလေးများကို မန္တလေးမြို့ရှိ ဘုန်းတော်ကြီး
ကျောင်း ၂ ကျောင်းက ခေါ်ယူစောင့်ရှောက်ထားကြောင်း ဘုန်းတော်ကြီးများက ပြောသည်။
လပွတ္တာမြို့နှင့် ဘိုကလေး မြို့နယ်များမှ အသက် ၆ နှစ်မှ ၁၂ နှစ် အထိ ရှိသော မိဘမစုံသော ကလေးများ အပါအ၀င် မိဘမဲ့ကလေးများကို ခေါ်ယူစောင့်ရှောက် ထားခြင်းဖြစ်ကြောင်း မန္တလေးမြို့သစ် ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက် မှ

ဆရာတော် ဦးတေဇောဘာသ က ပြောသည်။

“အခုက ပြန်သွားတာနဲ့ဆိုတော့ ၉ ဦး လောက်ပဲ ရှိတယ်၊ အားလုံး က ၁၂ ဦး ၊ လပွတ္တာနဲ့ ဘိုကလေး ဘက် ကနေ မစိုးရိမ် တိုက်သစ် နာယက ဆရာတော်တွေက ခေါ်လာတာ၊ မိဘ မရှိတာရော၊ မိဘ မစုံတာရော ၊ စုံတာ ရောပဲ၊ တချို့ကလေး တွေက မိဘရှိပြီး
ဆင်းရဲလို့ ခေါ်လာတာ၊ စားရေး နေရေး နဲ့ အဓိက က ပညာရေး အတွက် ပေါ့၊ မိဘ ရှိတဲ့ ကလေးတွေ ကတော့ တချိန် မိဘတွေ
ဆီ ပြန်ပို့ပေးရမှာပါ၊ ပညာသင်ကြားပေးပြီး ပြန်ပို့ပေးဖို့ ဘုန်းကြီး က ရည်ရွယ်ထားပါတယ်၊ တချို့ကလေးတွေက သိပ်တော့ မပျော်ဘူး၊ ဒေသ ခွဲလာရတာရယ်၊ အပေါင်း အသင်း သူငယ်ချင်းမရှိတာရယ်၊ စာသင်ရ တာလည်းပါတယ်”ဟု ဆရာတော် ဦးတေဇောဘာသ
က ပြောပြသည်။
ရောက်ရှိလာသော ကလေးများထဲတွင် မိန်းကလေး ၂ ဦး ပါဝင် ပြီး အသက် ၆ နှစ် နှင့် ၈ နှစ် ဖြစ်ကြောင်းနှင့် ယောက်ျား လေး ၆ ဦးကို သင်္ကန်းစည်းပေးထားကြောင်း၊ ၎င်းတို့အား အတန်းပညာ အဓိက သင်ပေးကြောင်းနှင့် ဘာသာရေးစာပေ ကိုလည်း တ ရက် တနာရီခန့် သင်ကြားပေးကြောင်း သိရသည်။
အဆိုပါကလေးများအတွက် စရိတ်ကို သီးသန့်အလှူခံခြင်းမရှိဘဲ ကျောင်းတိုက်မှ ရရှိလာသည့် လာဘ်လာဘထဲ မှပင် သုံးစွဲရသည့်အတွက် ပေါပေါများများ မသုံးစွဲနိုင်ဟုလည်း ဦးတေဇောဘာသ က ပြောဆိုသည်။
ဆရာတော် ဦးတေဇောဘာသ ဦးဆောင်တည်ထောင်ထားသော ယင်း ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက်သည် သက်တမ်း ၁၅ နှစ်ခန့်ရှိပြီး ယခင်ကပင် ပထမ ငယ်၊ ပထမ လတ်၊ ပထမကြီး နှင့် ဓမ္မာစရိယ အတန်းများ ကို သင်ကြား သော ပရိယတ္တိ စာသင်တိုက်နှင့် ဘုန်းတော်ကြီးသင် မူလတန်းလွန် စာသင်ကျောင်းလည်း ဖွင့်လှစ် ထားသောကြောင့် တချို့ဆွမ်းကွမ်းနှင့် စာအုပ်စာတန်းများကို လှူဒါန်း ထောက်ပံ့မှုများ ရှိကြောင်း သိရသည်။
အလားတူ မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်းကလည်း လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင် ကျွန်း မြို့နယ်များမှ မိဘမဲ့ ကလေး ၃၀ ခန့်ကို ခေါ်ယူ စောင့်ရှောက်ထားကြောင်း ထိုကျောင်းမှ တာဝန် ခံ ဆရာတော် တပါးက ပြောဆိုသည်။
“ဇွန်လ ၂၈ ရက် လောက်ကတည်းက စခေါ်လာပြီး စောင့်ရှောက်ထားတာပါ၊ တော်တော်များများက သူတို့ သား ချင်းတွေ ကိုယ်တိုင် အပ်ကြတာပါ၊ ရာခိုင်နှုန်းအများစုက မိဘမဲ့၊ တချို့ကတော့ မိဘမစုံတော့တဲ့သူတွေ၊ နောက် ထပ် ၁၀ ဦး လောက်လည်း ရောက်ဖို့ရှိသေးတယ်၊ အခု ရောက်နေတဲ့ ကလေးတွေက အသက် ၅ နှစ် လောက် ကနေ တချို့ ၁၆ နှစ် လောက်အထိပါတယ်၊ စားရေးနေရေး၊ ၀တ်ရေး၊ ပညာရေးရော ကျန်းမာရေးပါ၊ အကုန် စောင့်ရှောက်ထားတာ၊ စရိတ် ကတော့ တော်တော်လေး ရှာရပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါဒုက္ခသည် ကလေးများကို မြစ်ဝကျွန်းပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းမှ တဆင့် ပို့ဆောင် ပေးခြင်း ဖြစ်ပြီး ကလေးများကို သင်ကြားစောင့်ရှောက်ရန် သင်တန်းဆင်း ဆရာမ ၂ ဦးကို ထားရှိ၍ ကျန်းမာရေး အတွက်လည်း ကျောင်းဝန်းအတွင်းပင် ဆေးခန်းနှင့် စနစ်တကျ စီစဉ်ထားသည်ဟုလည်း သိရသည်။
ယခု ဒုက္ခသည်ကလေးများကို စောင့်ရှောက်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ယခင်ကပင် မိမဲ့ ကလေး ၇၅ ဦး ခန့်နှင့် ရှမ်း၊ ၀ ၊ ပလောင်၊ အခါ ၊ ကရင် စသည့် တိုင်းရင်းသားကလေးငယ် ၁၀၀ ခန့်ကိုလည်း စောင့်ရှောက် ထားသည့် ပရဟိတ ကျောင်းတကျောင်းအဖြစ် သက်ဆိုင်ရာကို အသိပေးဆောင်ရွက် ထားခြင်းဖြစ် ကြောင်း အထက်ပါ ဆရာတော်က ပြောဆိုသည်။မုန်တိုင်းဒဏ်သင့် မိဘမဲ့ ကလေးများ အတွက် စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီက လပွတ္တာနှင့် ဖျာပုံတို့တွင် မိဘမဲ့ကလေး သင်တန်းကျောင်းများကို ဖွင့်လှစ်ပေးကြောင်း အစိုးရ သတင်းစာများ တွင်ဖော်ပြထားသည်။

မြန်မာအစိုးရပိုင် လုပ်ငန်းများအား အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒဏ်ခတ်

မြန်မာအစိုးရပိုင် လုပ်ငန်းများအား အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒဏ်ခတ် (ခေတ်ပြိုင်ဂျာနယ်)
U.S Treasury Department/ ၃၀ ဇူလိုင် ၂၀၀၈

ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်နေသည့် ကုမ္ပဏီများအပါအ၀င် မြန်မာ အစိုးရ (သို့) မြန်မာစစ်အရာရှိများ ထိန်းချုပ်သည့် (သို့) ပိုင်ဆိုင်သည့် ကုမ္ပဏီ (၁၀) ခုကို ငွေ ကြေးဆိုင်ရာ ဒဏ်ခတ်လိုက်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ ဇူလိုင်လ (၂၉) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုငွေကြေးပိတ်ဆို့မှုသည် (ကွယ်လွန်သူ အထက်လွှတ်တော်ကိုယ်စားလှယ် ) တွမ်လန်တို့စ်၏ မြန်မာ့ကျောက်မျက် ပိတ်ပင်ရေး ၂၀၀၈ ဥပဒေကို သမ္မတ လက်မှတ်ထိုးချိန်နှင့် တိုက်ဆိုင်နေ သည်။
ထိုဥပဒေ ပြဌာန်းခြင်းသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များကို စီးပွား ရေးအရရော နိုင်ငံရေးအရပါ ထောက်ပံ့ပေးသူများ၊ ၎င်းတို့၏ အနီးစပ်ဆုံး မိသားစုဝင်များ၊ စစ် အစိုးရ၏ ဘဏ္ဍာငွေအတွက် အရေးပါသည့် အရင်းအမြစ်ဖြစ်သော မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းတို့ကို ပိတ်ဆို့ထားမှုများ ထပ်မံချဲ့ထွင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။“ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ စစ်အစိုးရကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ တွေကို ပိုပြီးတင်းကျပ်တဲ့ ငွေကြေးပိတ်ဆို့မှု လုပ်လိုက်တာဖြစ်ပါတယ်။ ဆိုင်ကလုန်းဒုက္ခသည် တွေကို ကာကွယ်ပေးဖို့၊ ကယ်ဆယ်ရေးအကူအညီတွေ ခွင့်ပြုဖို့ကို စစ်အစိုးရ ငြင်းဆန်လိုက် တာဟာ ပြည်သူတွေကို အကြင်နာမဲ့စွာ လစ်လျူရှုထားတာကို ပြလိုက်တဲ့ နောက်ထပ် ဥပမာ တခုပါပဲ”ဟု နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့၏ ဒါရိုက်တာ အဒမ် ဂျေ ဇူဘင်းက ပြော သည်။ယမန်နေ့က ထုတ်ပြန်လိုက်သော ငွေကြေးပိတ်ဆို့မှုသည် မြန်မာစစ်အစိုးရအတွက် အရေးကြီး သည့် ကဏ္ဍအမျိုးမျိုးတွင် လုပ်ပိုင်ခွင့်များ ကြီးကြီးမားမား ရှိနေသည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကြီး နှစ်ခုစလုံးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ထိုစစ်အစိုးရပိုင် ကုမ္ပဏီနှစ်ခုသည် ကျောက်မျက်ရတနာလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း မျိုးစုံတွင် အကျိုးစီးပွား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများ ဖြစ်သည်။ထုတ်ပြန်လိုက်သော ငွေကြေးပိတ်ဆို့မှု၏ ရလာဒ်အဖြစ် မြန်မာ့စီးပွားရေးဦးပိုင်၏ လက်ခွဲကုမ္ပဏီ လေးခုဖြစ်သည့် မြန်မာ ပတ္တမြားအင်တာပရိုက်စ်၊ မြန်မာအင်ပါရီယယ် ကျောက်စိမ်းကုမ္ပဏီ လိမိ တက်၊ မြ၀တီ ကုန်သွယ်ရေး လိမိတက်နှင့် မြ၀တီဘဏ် လိမိတက်တို့ကိုလည်း နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံသားများ။ အမေရိကန် အဖွဲ့အစည်း များနှင့် စီးပွားရေးမလုပ်ရန် နာမည်ပျက်ပုဂ္ဂိုလ်အဖွဲ့စာရင်းတွင် ထည့်သွင်းထားသည်။ယခုငွေကြေး ပိတ်ဆို့မှုထဲတွင် စစ်အစိုးရပိုင် မြန်မာ့သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်ခံ အမှတ် (၁) သတ္ထု တူးဖော်ရေးလုပ်ငန်း၊ အမှတ် (၂) သတ္ထုတူးဖော်ရေးလုပ်ငန်းနှင့် အမှတ် (၃) သတ္ထုတူး ဖော်ရေးလုပ်ငန်းတို့ကိုလည်း ပစ်မှတ်ထားသည်။ သမ၀ါယမ၀န်ကြီးဌာန လက်အောက်ခံ သမ၀ါ ယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလည်း ပါဝင်သည်။မြန်မာစစ်အစိုးရဖြစ်စေ စစ်အစိုးရ၏ အရာရှိတဦးဖြစ်စေ၊ အရာရှိများဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်ထားသော၊ ထိန်းချုပ်ထားသော ပိုင်ဆိုင် မှုများနှင့် ပိုင်ဆိုင်မှု အကျိုးအမြတ်များကို အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးအား ပိတ်ဆို့ ခွင့်ပြုလိုက်သည့် သမ္မတအမိန့် (၁၃၄၆၄) အရ အရေးယူလိုက်ခြင်းဖြစ်သည်။ (၂၀၀၈) ခုနှစ် ဧပြီလ (၃၀) ရက်နေ့ကလည်း မြန်မာအစိုးရပိုင် လုပ်ငန်းသုံးခုဖြစ်သည့် မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာ့ ပုလဲလုပ်ငန်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပိုင်ဆိုင်မှု အကျိုးအမြတ်များကို သမ္မတအမိန့် နောက်ဆက်တွဲ (၁၃၄၆၄) အရ သမ္မတဘုရှ်က ပိတ်ဆို့ ခဲ့သည်။အဆိုပါ ငွေကြေးပိတ်ဆို့မှု ဥပဒေသစ်အရ အမေရိကန် တရားစီရင်ရေးက သတ်မှတ်ထားသည့် အမေရိကန် နိုင်ငံသားများ၊ အမေရိကန် အဖွဲ့အစည်းများနှင့် စီးပွားရေး မလုပ်ရန် နာမည်ပျက် ပုဂ္ဂိုလ်အဖွဲ့စာရင်းဝင် ပုဂ္ဂိုလ်အားလုံး၏ ပိုင်ဆိုင်မှုအလုံးစုံကို ပိတ်ဆို့ထားမည်ဖြစ်ပြီး ထိုသူများနှင့် မည်သည့်အမေရိကန်နိုင်ငံသား၊ မည်သည့် အမေရိကန်လုပ်ငန်း အေဂျင်စီများမဆို ဘဏ္ဍာရေး အရဖြစ်စေ ကူးသန်းရောင်းဝယ်မှုအရဖြစ်စေ တားမြစ်သည်။ မြန်မာစစ်အစိုးရအား အဓိက ထောက်ပံ့နေသော မြန်မာပြည်သူလူထုကို စနစ်တကျ ဖိနှပ်နေသည့် စစ်အစိုးရကို အထူးထောက်ပံ့ပေးနေသော ပိတ်ဆို့ထားသည့် ကုမ္ပဏီများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းအား သိရှိစေမည်ဖြစ်သည်။ ။

မြန်မာကုန်စည် အမေရိကန်တင်သွင်းခွင့် ပိတ်သည့်ဥပဒေကို သမ္မတက သက်တမ်းတိုး

မြန်မာကုန်စည် အမေရိကန်တင်သွင်းခွင့် ပိတ်သည့်ဥပဒေကို သမ္မတက သက်တမ်းတိုး (ခေတ်ပြိုင်ဂျာနယ်)
Agencies/ ၃၀ ဇူလိုင် ၂၀၀၈

အမေရိကန်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေကို သမ္မတဂျော့ခ်ျ ဒဗလျူ ဘုရှ်က သက်တမ်းတိုးလိုက် ပြီး မြန်မာ့ကျောက်မျက်ရတနာများအား တတိယနိုင်ငံများမှတဆင့် တင်သွင်းမှုကို ပိတ်ပင်သည့် ဥပဒေအသစ်ကိုလည်း လက် မှတ်ရေးထိုး အတည်ပြုလိုက်သည်။
သမ္မတဘုရှ်က “အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို အပြည့်အ၀ ယုံကြည်တယ် ဆိုတာကို မြန်မာစစ်အစိုးရကို ကျနော်တို့ အသိပေးချင်ပါတယ်” ဟု ယမန်နေ့က ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။
ထို့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လက်အောက်အရာရှိကြီးများ ပိုင်ဆိုင် (သို့) ထိန်းချုပ်ထားသော ကျောက်မျက်ကုမ္ပဏီများ အပါ အ၀င် ကုမ္ပဏီ (၁၀) ခုကို ဘဏ္ဍာရေးအရ ပိတ်ပင်ဆို့မှု ပြုလုပ်ခဲ့သည်။
၂၀၀၃ ခုတွင် သမ္မတဘုရှ် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ဥပဒေ The Burmese Freedom and Democracy Act အား ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး ကွယ်လွန်သူ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌဟောင်း မစ္စတာ တွမ်လန်းတော့စ်က Block Burmese JADE Act ခေါ် အဆိုပါ မြန်မာ့ကျောက်မျက်တင်သွင်းမှု ပိတ်ပင်ရေး ဥပဒေမူကြမ်းကို ၂၀၀၇ ခု၌ ဦးဆောင်ရေးဆွဲ အဆိုပြုခဲ့ခြင်းဖြစ်သည်။
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် လူ့အခွင့်အရေးချိုးဖောက်နေပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်နေသော မြန်မာစစ်အစိုးရကို နိုင်ငံခြားငွေ အဓိကရှာပေးနေသည့် လမ်း ကြောင်းတခုဖြစ်သဖြင့် ယခု ဥပဒေအသစ်ကြောင့် စစ်အစိုးရအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ နစ်နာစေမည်ဖြစ်သည်။
ထို့အပြင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမည် မဟုတ်သကဲ့သို့ တတိယနိုင်ငံများမှတဆင့် အမေရိကန် ဘဏ္ဍာရေးအဖွဲ့ အစည်းများအား အသုံးပြုနေမှုကိုလည်း ယခု ဥပဒေသစ်အရ ကာကွယ်ထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။
အမေရိကန်မှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု ဥပဒေများသည် မြန်မာစစ်အစိုးရ၏ ဘဏ္ဍာငွေ အရင်းအမြစ်များကိုသာ ပိတ်ဆို့ထားခြင်းဖြစ်ပြီး သာမန်ပြည်သူများအတွက် နစ်နာမှုမရှိကြောင်း သမ္မတအိမ်တော် ပြောခွင့်ရ အမျိုးသမီး ဒါနာပရီနိုက ထပ်မံပြောဆိုသည်။
ပြောခွင့်ရအမျိုးသမီး ဒါနာပရီနိုက “စစ်အစိုးရကို ဖိအားပေးဖို့ အမေရိကန်က သီးသန့် လုပ်ဆောင် နေတဲ့အပြင် အခြားနိုင်ငံတွေကလည်း သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်နေကြတဲ့အတွက် ဒီပိတ်ဆို့ အရေးယူမှုဟာ ထိရောက်မှုရှိပါတယ်။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ပြည်သူတွေကို ဖိနှိပ်နေတဲ့ သူတွေကိုသာ ဦးတည်တာပါ။ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေအတွက် မထိခိုက်နိုင်ပါဘူး” ဟု ပြောသည်။ ။