နိုင်ငံခြားမြန်မာသံရုံးတွေက လစဉ် ဒေါ်လာ သိန်းဆယ်ဂဏန်းအထက်ရှာပေးသံရုံးဝန်ထမ်းတွေ လစာငွေ မလုံမလောက်သာရ
၂၅ ဇူလိုင် ၂၀၀၈
တကမ္ဘာလုံးရှိ မြန်မာသံရုံးအသီးသီးမှ လစဉ် နိုင်ငံခြားငွေ ဒေါ်လာ သိန်း (၂၀) ကျော် ရှာပေးနေ သည့်တိုင် စစ်ဗိုလ်သံအမတ်ကြီးများသာ ထိုငွေထဲမှ အကျိုးအမြတ်ရပြီး အရပ်ဘက်သံတမန် အများစုမှာ မလောက်မင သုံးစွဲနေရသည်ဟု သံတမန်အသိုင်းအ၀ိုင်းက ပြောသည်။
ဝင်ငွေရှာပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံးကြီးတခုမှ အနည်းဆုံး ဒေါ်လာ (၁) သိန်း အထက် ရှာပေးနိုင်သော်လည်း ထိုငွေများ စစ်အစိုးရ၏ မည်သည့်ငွေစာရင်း ခေါင်းစဉ်အောက်မှာ ရောက် သွားသည်ကို မသိရသဖြင့် ၀န်ထမ်းများ မကျေမနပ် ဖြစ်သည်ဟု စုံစမ်းသိရသည်။
သို့သော် သံရုံးဝန်ထမ်းများအတွက် လစာစရိတ်မှာ လစဉ် ဒေါ်လာ(၅) သောင်းအောက်မှာသာရပြီး သံရုံးဝန်ထမ်းအများစု၏ လူမှုရေးအသုံးစရိတ်ကိုမူ စစ်အစိုးရက ဥပေက္ခာပြုထားသည်ဟု နေပြည်တော် သံတမန်တဦးက ပြောသည်။ အချို့ အရပ်ဘက် အကြီးတန်း သံတမန်များဆိုလျှင် ရသည့်ဒေါ်လာ ပြန်ရောင်းပြီး စရိတ်ကာမိအောင် လုပ်ရသည်ဟုပါ ဆက်ပြောသည်။
ကုမ္ပဏီများပေးသွင်းငွေ၊ တိုးရစ်ဗီဇာမှ ရငွေ၊ ပတ်စ်ပို့ သက်တမ်းတိုးငွေ စသည့်ဝင်ငွေ အများဆုံး ရှာပေးနိုင်သည့် သရုံးများမှာ ဂျပန်မြန်မာသံရုံး၊ ဂျာမနီမြန်မာသံရုံး၊ စင်ကာပူ မြန်မာသံရုံး၊ ကိုရီးယား မြန်မာသရုံး၊ ထိုင်းမြန်မာသရုံး၊ မလေးရှား မြန်မာသံရုံးစသည့် သံရုံးကြီးများ ဖြစ်သည်ဟု စုံစမ်း သိရသည်။
ဝင်ငွေရှားပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံး စစ်ဗိုလ်သံအမတ်ကြီး အတော်များများဆိုလျှင် သံရုံး ၀င်ငွေအားလုံးကို စစ်အစိုးရလက်သို့ အပ်လေ့မရှိဘဲ ငွေစာရင်းကိုင်နှင့်ပေါင်း၍ အလွဲသုံးစား လုပ်သည်က များသည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။
နိုင်ငံခြား မြန်မာသံရုံးအသီးသီးတွင် လခြုံရေးအစောင့်၊ ယာဉ်မောင်း၊ ဧည်ကြိုစာရေး စသည့် ရာထူးများကို ဒေသခံများ၊ ၀န်ထမ်းများ ငှားရမ်းခန့်ထားလေ့ရှိရာ ထိုဝန်ထမ်းများနှင့် သံရုံး အရာရှိအချို့ပေါင်းပြီး အဂတိလိုက်စားမှုမျိုးစုံ လုပ်သည်များလည်းရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက် လုံခြုံရေးဝန်ထမ်းတဦးဆိုလျှင် မြန်မာသံမန်အရာရှိများနှင့် တွေ့လိုသူများ ထံမှ ငွေတောာင်းခဲ့သည့် သာဓကများရှိသည်ဟု ပေးကမ်းဖူးသူအချို့က ပြောသည်။ ထိုဒေသခံ ၀န်ထမ်းများနှင့် သံရုံးဝန်ထမ်းများကြား ပြဿနာမျိုးစုံမဖြစ်သည့် မြန်မာသံရုံး အတော်ရှားသည်ဟု ပါ စုံစမ်းသိရသည်။ ။
Sunday, July 27, 2008
ကုလနှင့်မပူးပေါင်းလျှင် မြန်မာကို အမေရိကန် ဖိအားပေးမည် (ခေတ်ပြိုင်ဂျာနယ်)
ကုလနှင့်မပူးပေါင်းလျှင် မြန်မာကို အမေရိကန် ဖိအားပေးမည်
Agencies/ ၂၅ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရအနေနှင့် ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီနှင့် ပူးပေါင်းလုပ် ဆောင်သင့်ကြောင်း ပြောကြားလိုက်ပြီး အကယ်၍ ပူးပေါင်းလုပ်ဆောင်မှုမရှိပါက လုံခြုံရေး ကောင်စီမှ ဖိအားပေးမှု ပိုများလာမည်ဟု အမေရိကန်က သတိပေးလိုက်သည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံအနေနှင့် နောက်လတွင်မြန်မာနိုင်ငံသို့ ဂမ်ဘာရီ သွားရောက် လည်ပတ်မည့် ခရီးမှ ခိုင်မာသည့် ရလဒ်များ ရလာမည်ဟု မျှော်လင့်ကြောင်း ဂမ်ဘာရီနှင့် တံခါး ပိတ်ဆွေးနွေးပွဲအပြီးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဇယ်လ်မေ ခါလီဇက်က ပြောသည်။
"ကျနော် စစ်အစိုးရကို သတင်းပါးချင်တာကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို အခွင့်ကောင်း ယူဖို့ပါပဲ။ နိုင်ငံရေး ပြောင်းလဲမှု ရှိမနေတဲ့အတွက် နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုတွေ ဖြစ်ပွားနိုင်မယ့် အလားအလာကို တွေ့နေရတယ်။ ဖြစ်လာရင်တော့ ကျနော်တို့အနေနဲ့ အရေးမစိုက်ဘဲ နေမှာ မဟုတ်ပါဘူး" ဟု ခါလီဇက်က ပြောသည်။
စစ်အစိုးရအနေနှင့် စာမျက်နှာသစ်ဖွင့်လှစ်ပြီး (၂၀၁၀) ပြည့်နှစ် ရွေးကောက်ပွဲများအတွက် နိုင်ငံရေးလမ်းပြမြေပုံကို သဘောတူညီပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးသင့်ကြောင်းလည်း ဇယ်လ်မေ ခါလီဇက်က ပြောသည်။
"ဒီကိစ္စရပ်တွေမှာ တိုးတက်မှု ရှိမလာဘူးဆိုရင် ကျနော်တို့ လုပ်စရာရှိတာတွေကို ကြည့်ရပါမယ်။ စစ်အစိုးရအပေါ် ပိုပြီး ဖိအားပေးတာမျိုးတွေ လုပ်ရပါမယ်" ဟု ခါလီဇက်က ပြောသည်။
"ပြီးခဲ့တဲ့ (၆) လကျော်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက နောက် ကြောင်း ပြန်သွားနေပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တောင်းဆိုမှုတွေကို စစ်အစိုးရက တုံ့ပြန်မှု မရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ခက်ခဲတဲ့ အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်" ဟု ဗြိတိသျှသံအမတ် ဂျွန်ဆောရားစ်က လုံခြုံရေးကောင်စီစည်းဝေးပွဲမတိုင်မီ ပြောသည်။
သြဂုတ်လလယ်တွင် မြန်မာနိုင်ငံသို့ ဂမ်ဘာရီသွားရောက်မည့် ခရီးစဉ်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံက ထောက်ခံကြောင်းနှင့် ခရီးစဉ် အောင်မြင်ရန် ဆန္ဒပြုကြကြောင်း ယခုလ လုံခြုံရေးကောင်စီ သဘာပတိဖြစ်သူ ဗီယက်နမ်နိုင်ငံမှ ကုလသမဂ္ဂ သံအမတ်ကြီး လီလောင်း မင်းက ထပ်လောင်း အတည်ပြုသည်။ ။

Subscribe to:
Posts (Atom)