တောင်သူလယ်သမားများ ကပ်ဆိုက်နေသည်ဟု ဆို
မိုးမခ အထောက်တော် (ရန်ကုန်)
ဇူလိုင် ၂၉၊ ၂၀၀၈
နာဂစ်အလွန် ဧရာဝတီတိုင်းရှိ လယ်သမားများမှာ မိုးရာသီ စပါးစိုက်ချိန်အတွင်း အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။ ရေစိုစပါးများကလည်း ပြန်လည်ထုတ်ရောင်းကြရာတွင် ဈေးကောင်းမရ၊ ဓာတ်မြေသြဇာများက ဈေးခေါင်ခိုက်နေချိန်တွင် လယ်ထွန်စက်များ ကျွဲနွားများကလည်း အလွယ်တကူ ငှားရမ်း၍ မရကြောင်း၊ စက်သုံးဆီများနှင့် လယ်သူရင်းငှားခများကလည်း အဆမတန်တက်နေသဖြင့် လယ်စိုက်သည့်လုပ်ငန်းက မည်သို့သော အကျိုးအမြတ်ကို မျှော်လင့်ရမည်ကို မသိ ဖြစ်နေကြသည် ဟုဆိုသည်။
လယ်လုပ်ငန်းကို မလုပ်ကိုင်ပါက လက်ရှိ လယ်မြေများကို အစိုးရက ၎င်းတို့လက်ဝေခံ လုပ်ငန်းရှင်များကို လွှဲအပ်လိုက်မည်ဖြစ်ရာ၊ လယ်မြေနှင့် လယ်လုပ်ငန်းများ၊ ၎င်းတို့ဇာတိ ရပ်ရွာများ ရွေ့ပြောင်းဆုံးရှုံးမည်ကို စိုးရိမ်ကြသဖြင့် ကြိတ်မှိတ်ပြီး လယ်လုပ်နေကြရသည်ဟု သိရသည်။ အမတော်ကြေးနှင့် ထောက်ပံ့ကြေးများကိုလည်း အထူးတိုးမြှင့်ပြီး အကူအညီမပေးသည်ကိုလည်း လယ်သမားများက အံ့သြနေကြရသည်။ မျိုးစပါးများကိုလည်း အလွယ်တကူ ၀ယ်မရခြင်း၊ ရရှိသော မျိုးစပါးများကလည်း အပင်မပေါက်ခြင်း၊ စံနှုန်းမမီခြင်းတို့ကိုလည်း ရင်ဆိုင်နေရသည်။
ယခင် စပါးဈေးတက်ခဲ့သည့် နှစ်များက ကုန်သည်ကြီးများအသင်းနှင့် စစ်အစိုးရတို့ ပူးပေါင်းပြီး ဈေးကို နှိမ်ပြီး ထိမ်းချုပ်ဝယ်ယူခဲ့သော်လည်း ယခု ရေစိုစပါးဈေး အဆမတန် ကျဆင်းနေချိန်တွင် လယ်သမားများ သက်သာချောင်ချိစေရန် ကြားဝင်ဆောင်ရွက်ခြင်း လုံးဝ မရှိချေ။
“ စပါးဈေးမှာ ရေမမြုတ်မီက တင်း ၁၀၀ ကို ၆ သိန်း၊ အခု ၁ သိန်းပဲ ရှိတော့တယ်။ မြေသြဇာက ၁ အိတ်ကို ၃ သောင်း ၄ ထောင်၊ အမတော်ကြေးက မနှစ်ကထက် ငွေ ၅ ထောင်ပဲ ပိုထုတ်ပေးတာပါ။ ပြီးတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေဆီက အကူတွေနဲ့ဆိုတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို တိုးလုပ်ပစ်လိုက်မယ် ဟဲ့ ဆိုပြီး စိတ်ကို တင်းထားတာကလည်း စစ်တပ်က ချယ်လှယ်ပုံတွေနဲ့ အကုန်ပစ်လိုက်ရတာပေါ့။ ကျွဲတွေ နွားတွေမှာလည်း ခွာနာ လျှာနာတွေ ဖြစ်နေတယ်။ အခုက ကပ်ဆိုက်နေတာ …”
ဟု လယ်သမားများက ပြောကြားခဲ့သည်။
Wednesday, July 30, 2008
အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်

အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည် (ခေတ်ပြိုင်ဂျာနယ်)
NEJ/ ၂၉ ဇူလိုင် ၂၀၀၈
ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ တိုးတက်ရေး ပိုမိုကူညီမှု ပေးနိုင်ဖို့အတွက် အမေရိ ကန်သမ္မတကတော် လော်ရာဘုရှ် လာမည့်လ (၇) ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်မည် ဖြစ် သည်။
မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ကျမတို့ဆေးခန်းကို နောက်လ (၇)

ရက်နေ့လာမယ်။ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေမှာ ဘော်ဒါ ဆောင်နေတဲ့ မြန်မာကလေး (၁,၅၀၀) နဲ့
ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
၎င်းကလေးငယ်များအတွက် ထောက်ပံ့မှုများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) မှတဆင့် မယ်တော်ဆေးခန်းသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းမှ အဆောင်နေ မြန်မာကလေးငယ်များအတွက် သူမတို့အဖွဲ့မှ ကူညီပေးခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်း တာဝန်ခံက ပြောသည်။
လော်ရာဘုရှ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကော်ကယ်ကျူလားဖန်းက “အမေရိ ကန်သမ္မတကတော် (၇) ရက်နေ့ မဲဆောက်ကိုလာမယ်။ သူ့ရဲ့ရှေ့ပြေးလူ (၃၀) မနက်ဖြန် ရောက် ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်မှာဖြစ်တယ်” ဟု အတည်ပြု ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေ က “လာမယ့် (၇) ရက်နေ့ သူနဲ့တွေ့ရင် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးသင်ကြားမှု အနေအထား ကို ဒီလောက်နဲ့ မရပ်စေချင်ဘူး။ ဒီထက်ဆက်ပြီး ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရဖို့ဆိုတဲ့ အခွင့် အရေးကို ကူညီဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။
မယ်တော်ဆေးခန်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့များက လော်ရာ ဘုရှ်အား နယ်စပ်ကျန်းမာရေးနှင့် ပညာရေး အခြေအနေများအား ရှင်းပြမည်ဖြစ်သည်။
မဲဆောက်ဒေသအတွင်း မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာကလေးငယ်ရွှေ့ ပြောင်း စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး ရွှေ့ပြောင်းမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိသည်ဟု BMWEC ၏ စစ်တမ်းက ဖော်ပြထားသည်။

စပါးစိုက်တဲ့ ဦးကြီးတွေ ချမ်းသာကြပါစေအေးချမ်းမြေ့
ဆောင်းပါး
စပါးစိုက်တဲ့ ဦးကြီးတွေ ချမ်းသာကြပါစေအေးချမ်းမြေ့ ဇူလိုင် ၂၉၊ ၂၀၀၈ (ဧရာဝတီ)
“မနက်ဖြန်ဆိုရင် ကျနော်တို့ရဲ့ စံပြစိုက်ကွင်းတွေမှာ ပျိုးပင်တွေ ပြန်စစိုက်တော့မှာဗျ” ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။ သူက ဆရာဝန်တဦးဖြစ်သော်လည်း ဆန်စပါး နှင့် ပတ်သက်၍ စိတ်ပါဝင်စား သောကြောင့် ဖိလစ်ပိုင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနကျောင်း (IRRI) တွင် သွားရောက် လေ့လာ သင်ယူခဲ့သူဖြစ်ပြီး ဗီယက်နမ်နိုင်ငံ တွင်ပြုလုပ်သည့် စပါးအခြောက်ခံခြင်းနည်းပညာဆိုင်ရာ သင်တန်းများတွင် တက်ရောက်ကာ လက်ရှိ စပါးအခြောက်ခံ နည်းပညာများကို ပြန်လည် ဖြန့်ဖြူးပေးနေသူ ဖြစ်သည်။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ယခု စပါးပြန်စိုက်နေကြပြီ။ သတင်းက အမျိုးမျိုး ကြားနေရ၏။ မျိုးစပါးများ အပင်မပေါက်သည့်ကိစ္စ၊ လက်တွန်းထွန်စက် မလောက်ငသည့်ပြဿနာ၊ လက်တွန်းထွန်စက်ရှိသော်လည်း စက်သုံးဆီ မရှိသည့်ကိစ္စ စသည့် အသံများဖြစ်သည်။
ထိုအချိန်တွင် ဒေါက်တာမျိုးအောင်ကျော်နှင့် အဖွဲ့က လူအား၊ ငွေအား စိုက်ထည့်ကာ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ကွမ်းခြံကုန်း မြို့နယ်အပိုင် တောကျောင်းကျေးရွာ၌ စံပြစိုက်ခင်းများ စတင်စိုက်ပျိုး ပြသခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့က ထိုဒေသတွင် စံပြအနေဖြင့် မျိုးစပါး ရွေးချယ်ပုံကို သရုပ်ပြကာ တောင်သူဦးကြီးများကို ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင် စေခြင်းဖြင့် အစပြုခဲ့သည်ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောပြသည်။
“စစခြင်း ကျနော်တို့ရဲ့နည်းပညာကို ရွာသားတွေက လက်မခံဘူးဗျ။ အလှူရှင်တွေ မို့လို့သာ ကျနော်တို့ပြောတာကို သည်းခံ ပြီးနားထောင်နေကြတာ။ တကယ်တမ်း ကျနော်တို့ပြောတဲ့အတိုင်း သူတို့လိုက်မလုပ်ကြဘူး” ဟု ဒေါက်တာမျိုးအောင်ကျော် နှင့်အတူ ငွေအားလူအားစိုက်ကာ ပါဝင်နေသော ကိုသန်းထိုက်က ပြောပြသည်။
ကိုသန်းထိုက်က မြို့ပြအင်ဂျင်နီယာ တဦးဖြစ်ပြီး နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီး ဒုက္ခသည်များကို လိုက်လံ လှူဒါန်းနေ ရာမှ ဒေါက်တာမျိုးအောင်ကျော်နှင့် ခင်မင်ရင်းနှီး သွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ခင်ဗျားတို့က လယ်ကွက်ပဲပေး။ ကျနော်တို့နည်းနဲ့ အစအဆုံးအလကား စိုက်ပေးမယ် ဆိုမှ လက်ခံတော့ တာ” ဟု ကိုသန်းထိုက်က ပြောသည်။ မျိုးစပါးများကို ဆားရေသုံး၍ အဖျင်းအညံ့ရွေးချယ်နည်းကို အသုံးပြုသည်ဟု ၎င်းကပြောပြ၏။
ယခင်က လယ်သမားများမှာ မျိုးစပါးကို အဖျင်းအညံ့ရွေးရာ၌ ရေထဲတွင်စိမ်ကြည့်ကာ နစ်သွားသည့် စပါးများကို အကောင်းဟု သတ်မှတ်သည်ဟု ဆိုသည်။
“ခုလို ဆားရေနဲ့ စိမ်လိုက်တော့ ရေထဲမှာနစ်ခဲ့တဲ့ စပါးတွေပါ ပေါ်လာတယ်။ အဲဒီလို ပေါ်လာတဲ့ စပါးတွေကိုပါ အဖျင်းအညံ့ စာရင်းသွင်းလိုက်တယ်။ လုံးဝ အပင်အောင်မယ့် မျိုးစပါးစေ့တွေပဲ ရတဲ့နည်းပေါ့။ တကယ်က ဒါ ဘာမှမခက်တဲ့နည်းပါ” ဟု ကိုသန်းထိုက်ကပြောသည်။
နာဂစ် ဆိုင်ကလုန်းဒဏ်ခံရသည့် ဒေသများတွင်ရှိသော မျိုးစပါးများ အားလုံး ပျက်စီးသွား သဖြင့် တခြားသောဒေသများမှ မျိုးစပါးများကို အလွယ်တကူယူကာ စိုက်ပျိုးရသည်ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောပြသည်။ များသောအားဖြင့် အညာဒေသ၊ ရှမ်းပြည် တို့မှ မျိုးစပါးများ ဖြစ်သည်ဟုဆိုသည်။ ထိုမျိုးစပါးဟု ဆိုသောစပါးများထဲတွင် လုံးဝ အရည် အချင်းမပြည့်မီသော စပါးများပါလာကြောင်း သူကဆက်ပြောသည်။
“တနေရာမှာ မျိုးစပါးဆိုလို့ စိုထိုင်းစကိုစစ်ကြည့်လိုက်တော့ ကျနော် တော်တော် လန့်သွားတာ။ မျိုးစပါးမှာ ရေငွေ့ပါဝင် နှုန်းက ၁၂ ရာခိုင်နှုန်းအများဆုံးရှိရမှာကို အဲဒီစပါးတွေမှာ ၁၈ အထိရှိနေတယ်” ဟု ၎င်းက ရှင်းပြသည်။ ထိုစပါးများမှာ မျိုးစပါး မဟုတ်ဘဲ ရိတ်သိမ်းခါစ စပါးများသာ ဖြစ်နိုင်သည်ဟု သိရသည်။ တချို့ဒေသများတွင် ဆန်အဖြစ်ကြိတ်ခွဲမည့် စပါးများကို မျိုးစပါးများအဖြစ် ပြန်ချပေးခြင်း ဖြစ်ကြောင်း ဒေါက်တာမျိုးအောင်ကျော်ကပြောပြသည်။
တောကျောင်းကျေးရွာနှင့် အနီးတဝိုက်တွင် သူတို့စိုက်ပျိုးပေးထားသော စံပြစိုက်ခင်း ဧက ၆၀ ကျော်ခန့်ရှိနေပြီဖြစ်ပြီး ယခုအခါ စတင်၍ပျိုးထောင်တော့မည် ဖြစ်သည်။ တခြားသော သူများက ၃၅ ရက် ခန့်စိုက်ရသော ပျိုးပင်အရွယ်အစားကို သူတို့က ရက် ၂၀ ခန့်နှင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစပါးပင်များမှ ထွက်လာသော စပါးများကို မျိုးစပါးအနေနှင့် ရှေ့နှစ်တွင် ပြန်လည် ဖြန့်ဝေမည်ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။
“ကျနော့်အနေနဲ့ကတော့ ဧရာဝတီတိုင်းကသုံးနေကျ မျိုးစပါးတွေကိုပဲ စိုက်စေချင်တယ်။ တကယ်က မုန်တိုင်းဒဏ်မခံရတဲ့ ပုသိမ်လို မြောင်းမြလို ဒေသတွေမှာ မျိုးစပါးတွေ ရှိတယ်။ တချို့ သေသေချာချာ သိမ်းထားတဲ့ တောင်သူဦးကြီးတွေ ရှိတယ်။ အဲဒါတွေကို စစ်တမ်းကောက် စာရင်းလုပ်ပြီး မျှပေးရင်ရတယ်။ ဒါပေမယ့် အဲဒီလောက်အထိ မလုပ်နိုင်ခဲ့ဘူး” ဟု ၎င်းက ပြောပြသည်။
ရှမ်းပြည်မြောက်ပိုင်း ဒေသတွင်စိုက်ပျိုးနေသော စပါးမျိုးများမှာ ဆင်းရွှေလီ၊ ဆင်းရွှေဝါ အစရှိသည့် စပ်မျိုး စပါးများဖြစ်၍ ရာသီဥတုဒဏ် မခံနိုင်ဘဲ ထိုစပါးမျိုးများကို စိုက်လျင် ဓာတ်မြေသြဇာ မြောက်များစွာ ထည့်ပေးရသောကြောင့် အချိန်ကြာ သည်နှင့်အမျှ မြေကြီးကိုထိခိုက်နိုင်ကြောင်း ဒေါက်တာ မျိုးအောင်ကျော် က ရှင်းပြသည်။ ယခုအခါ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ယင်းစပါးမျိုးများ စိုက်ပျိုးရန် တရုတ်ကုမ္ပဏီတချို့က စတင်မိတ်ဆက်နေပြီ ဟု ဆို၏။
“ကျနော်ကတော့ လက်ရှိစိုက်နေတဲ့ ဒေသခံ အထွက်တိုးစပါးမျိုးပဲပိုကြိုက်တယ်။ သူက ဒဏ်ခံနိုင်တယ်။ ဒေသနဲ့ ပိုကိုက် ညီတယ်။ လက်ရှိမှာ အထွက်တိုးစပါးစိုက်နှုန်းက တနိုင်ငံလုံးနဲ့ယှဉ်ရင် သုံးပုံ ၂ ပုံလောက် ရှိပါတယ်” ဟု သူက ဆက်ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၏ ထုတ်ပြန်ချက်အရ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံရသော ဒေသများတွင် လယ်ယာမြေ ဧက ၁. ၃ သန်းကျော် ပျက်စီးသည်ဟု ဆိုသော်လည်း လယ်ပြန်စိုက်ရန် လုံးဝမဖြစ်နိုင်သော မြေယာမှာ ဧက ၂ သိန်းကျော် သာရှိသည်ဟု ၎င်းကဆက်ပြောသည်။
“မြေတွေကို ဆားငန်ရေဝင်တယ် ဆိုပေမယ့် အဲဒါ အဓိက ပြဿနာမဟုတ်ပါဘူး။ အဲဒီလို ပြောကြလို့ ကျနော်ချက်ချင်း IRRI ကိုဆက်သွယ်ပြီး မေးကြည့်တယ်။ သူတို့က အဲဒါ ပြဿနာမရှိဘူးလို့ပြောတယ်။ သူတို့ဆီမှာ ဆူနာမီတုန်းကနဲ့ ဆိုင်ကလုန်း မုန်တိုင်း ဝင်သွားခဲ့ပြီးတုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ ဆန်နမူနာတွေ ရှိတယ်လေ” ဟု သူက ဆိုသည်။
ဆိုင်ကလုန်း မုန်တိုင်းအပြီး မုတ်သုန်မိုး ဆက်တိုက်ဝင်လာခဲ့ရာ ဆားငန်ရေများ ပျော်ဆင်းသွားပြီး ဆား ပါဝင်နှုန်းလျော့သွား သဖြင့် စိုက်ပျိုး၍ ဖြစ်နိုင်ကြောင်း သိရသည်။ ယခုနှစ်တွင် နည်းပညာ အားနည်းသော ကြောင့် တချို့သောဒေသများတွင် အချိန်မကုန်သင့်ဘဲ ကုန်ခဲ့ရကြောင်း ဒေါက်တာမျိုးအောင်ကျော်က ရှင်းပြ၏။ သူတို့အဖွဲ့ ၎င်းဒေသတွင် ဓာတ်မြေသြဇာကို မသုံးမဖြစ်အခြေအနေ မှသာသုံးစွဲ၍ သဘာဝ မြေသြဇာသုံးတတ်ရန်၊ ပျိုးပင်နည်းနည်း နှင့် ထွက်နှုန်းများများရရန်၊ အရည် အသွေး ပြည့်မီသော စပါးများ ထွက်ရန် စနစ်တကျစိုက်ပျိုးတတ်ဖို့ နည်းပညာ ဖြန့်ဖြူးရုံမက လက်တွေ့သရုပ်ပြ လုပ်ဆောင် ပေးလျက် ရှိ၏။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် အထွက်နှုန်းလျော့ပါးမည် ဖြစ်သော်လည်း ၅ ရာခိုင်နှုန်းခန့်သာ ထိခိုက်နိုင်သည်ဟု ဆိုသည်။ သို့သော် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းထက် ထိခိုက်မှုပိုရှိနိုင်သော ပြဿနာတရပ်ရှိသေးသည်။ ထိုပြဿနာက စပါးဈေးကို ဖိအားပေး၍ ချခိုင်းနေသည့် ပြဿနာဖြစ်သည်။
“ဧည့်မထတင်း ၁၀၀ ကို ကျပ် ၆ သိန်း ၇ သိန်းလောက်ဖြစ်လို့ ထိန်းတာက ပြဿနာမဟုတ်ဘူး။ ဒါက ထိန်းကိုထိန်းရမှာ။ ဒါပေမယ့် ခုဟာက ၃ သိန်း ၂ သောင်းနဲ့ ၃ သိန်းခွဲကြားမှာပဲ ရှိတယ်။ ကုန်ကျစရိတ်က ၃ သိန်းဝန်းကျင်လောက် ရှိနေတော့ ကျနော် တို့လို လယ်သမားတွေ အတွက် မကျန်သလောက်ဘဲ။ အရမ်းနစ်နာတယ်” ဟု ရန်ကုန်တိုင်း သုံးခွမြို့နယ် အတွင်းရှိ ကျေးရွာတရွာမှ လယ်သမားတဦးက ပြောပြသည်။
လယ်သမားများအနေနှင့် စပါးဈေးအလွန်ကျဆင်းသောကြောင့် စပါးကို စိုက်ပျိုးချင်စိတ် မရှိတော့ကြောင်း ၎င်းကပြောပြ သည်။ ၎င်းတို့နယ်ဘက်တွင် စပါးကို တာဝန်ကျေသာ စိုက်ပျိုးကြပြီး တာဝန်နည်းကာ အမြတ် များသော ပဲတီစိမ်းကိုသာ အားထား စိုက်ပျိုး ကြသည် ဟုဆိုသည်။
“ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက ပဲပါဈေးကျတော့ ကျနော်တို့တွေ ၂ သီးစလုံးနစ်နာတယ်ဗျ” ဟု သူက ဆက်ပြောသည်။
ထိုပြဿနာကြောင့် လာမည့်နှစ်တွင် ဆန်အထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်သည် ဟု ဒေါက်တာ မျိုးအောင်ကျော် က ရှင်းပြသည်။ ယခုနှစ် နွေစပါးပေါ်ချိန်မှစ၍ ထိုပြဿနာ ကြုံတွေ့နေရပြီဟု ၎င်းက ဆိုသည်။
“စပါးကိုဈေးချခိုင်းတယ်။ ရေနံကဈေးတက်၊ အလုပ်သမားခ ဈေးတက်၊ ကျန်တဲ့ အစစ အရာရာ ဈေးတက်ပြီး စပါးဈေးက ကျနေတော့ တောင်သူဦးကြီးတွေ အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ ရင်းနှီးမြှုပ်နှံရမယ့် နေရာ မှာ ဝိတ်တွေ လျှော့လာကြ တယ်” ဟု သူက ဆက်ပြောပြသည်။
ပေါင်းပင်ရှင်းရန် အလုပ်သမားမငှားနိုင်တော့သောကြောင့် ပေါင်းများမရှင်းနိုင်တော့ဘဲ မျိုးမအောင်၊ အဆင့်မမီသည့် စပါး များစွာ ပါလာခဲ့ခြင်းက ဥပမာ တခုဖြစ်ကြောင်း သူကရှင်းပြသည်။
“အရမ်း အမြတ်ကြီးစားဖို့ မဟုတ်ပါဘူး။ သင့်တင့်လျှောက်ပတ်တဲ့ အမြတ်လေးရမှပဲ သူတို့ တောင်သူတွေ လုပ်ပျော်မှာပေါ့ ဗျာ။ အဲဒီအတွက်တော့ စဉ်းစားပေးသင့်တယ်” ဟု သူက သုံးသပ်သည်။
သူတို့အဖွဲ့ကလေးက လူအားကော ငွေအားပါစိုက်ထုတ်၍ မုန်တိုင်းသင့် ဒေသများကို ကူညီလျှက်ရှိသည်။ နည်းပညာကို လည်း တတ်နိုင်သလောက် ဖြန့်ဖြူးသည်။ သူတို့ သတင်းကို တဆင့်ကြားဖြင့် ဆက်သွယ်လာ သူတို့လည်း ရှိသည်။
လက်တွန်းထွန်စက်များ ပေးလှူခဲ့ရုံမက ထွန်ပေးသူကိုပါ အခပေး၍ငှားပေးသည်ဟု သူတို့ အဖွဲ့ထဲမှ လျှပ်စစ်အင်ဂျင်နီယာ တဦးဖြစ်သူ ကိုဝင်းကိုကပြောသည်။ ထွန်စက်မောင်းရန် ဆီလည်း ပေးသည်တဲ့။
“တနေ့ထွန်ယက်ခ ဆန် ၂ ပြည်ပေးတယ်ဗျာ။ အဲဒီတော့ ထွန်စက်မလောက်တဲ့ ပြဿနာလည်း မရှိတော့ဘူး။ အဲဒီလူက လယ်တိုင်းကို လိုက်ထွန်လိုက်ရုံပဲ။ ကျနော်တို့ ပေးတာနည်းတယ် ဆိုတာ တော့သိပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဒီလောက်ပဲ တတ်နိုင်တယ်။ သူတို့လည်း ကျေနပ်ကြပါတယ်” ဟု ၎င်းကပြောသည်။
မြန်မာပြည်မှာတုန်းက အိမ်နားက မူကြိုကလေးတွေ နေ့လယ်စာစားခါနီးတိုင်း အော်ဟစ် ဆုတောင်းတာ ကြားဖူးသည်။ “စပါးစိုက်တဲ့ဦးကြီးတွေ ကျန်းမာကြပါစေ” ဟု သူတို့နေ့တိုင်း ဆုတောင်းကြသည်။ စပါးစိုက်တဲ့ ဦးကြီးတွေ ကျန်းမာကြပါစေ ဟု ဆိုရုံသာမကဘဲ ချမ်းသာကြပါစေဟု တိုး၍ ဆုတောင်းသင့်သည် ထင်၏။ “ကျနော်ကတော့ လယ်သမားတွေကို တတ်နိုင်သလောက် ကူညီချင်တယ်ဗျာ။ လယ်သမားတွေဆီက တချိန်လုံးစားထား တော့ ပြန်လုပ်ကို လုပ်ပေးသင့်တယ်” ဟု ဒေါက်တာမျိုးအောင်ကျော်က ပြောဆို သွားသည်။

သာသနာ့ဥသျှောင်ဥသျှောင်ဖွဲ့စည်းရခြင်းအကြောင်း
သာသနာ့ဥသျှောင်အဖွဲ့ကြီးပေါ်ပေါက်လာရခြင်းသည် အဓိကအားဖြင့် ပခုက္ကူသံဃာတော်များ၏ မေတ္တာသုတ်ရွတ်ဆိုဆုတောင်းပွဲနှင့် စပ်လျဉ်းနေသည်ဟု ပြောရပေတော့မည်။ ယနေ့မြန်မာနိုင်ငံ၌ ပြည်သူတိုင်း လိုလိုတွင် အခက်အခဲများ၊ ဆင်းရဲဒုက္ခများပင်လယ်ဝေနေရချိန်ဖြစ်လေသည်။ မိမိတို့မိခိုရာပြည်သူများ၊ ဒကာ၊ ဒကာမများအတိဒုက္ခရောက်နေရသည်တို့ကို မကြည့်ရက်နိုင်သော ပခုက္ကူသံဃာတော်များက ပြည်သူများကိုယ်၊ စိတ်နှစ်ပါးချမ်းသာစေရန်၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ အကြပ်အတည်းများ ပြေပျောက်စေရန် သမ္မာဆန္ဒတို့ဖြင့် မြတ်စွာချမှတ်ခဲ့သော နည်းလမ်းများအတိုင်း မေတ္တာပို့၊ ဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြလေ သည်။ ဒါကိုအာဏာရှင်စစ်တပ်က ရိုက်လား၊ ပုတ်လား၊ ဖမ်းလား၊ ချုပ်လားတို့ဖြင့် လူမဆန်စွာပြုလုပ်လာကြလေ သည်။ ထို့ကြောင့်ဆရာတော်သံဃာတော်များက ပတ္တနိက္ကုဇနကံဆိုတဲ့ သပိတ်မှောက်ကံဆောင်ခြင်းကို ပြုလုပ်ခဲ့ ကြလေသည်။
ဗုဒ္ဒဘာသာထုံးတမ်းစဉ်လာအရ သံဃာတော်များ ကံဆောင်ပြီး မေတ္တာသုတ်ရွတ်ဆိုတာကို ပြေလည်ရာပြေ လည်ကြောင်းဖြင့်ဖြေရှင်းရမည့်အစား ပစ်လားခတ်လား၊ သတ်လားဖြတ်လားလုပ်ကိုလုပ်လာလေသည်။ နေ့ရောညပါဖမ်းဆီးမူ့များအထိပြုလုပ်လာကြသည်။ ပြီးတော့ ရဲဘက်စခန်းပို့သီလရှင်တွေ၊ ကျောင်းသားလေးတွေ အပါအ၀င်ပေါ့။ ဒီသတင်းတွေကို ကြားသိရတဲ့ပြည်ပမှာရောက်နေကြတဲ့သူတွေရော ပြည်တွင်းမှာရှိနေကြတဲ့သူ တွေပါစိတ်မချမ်းမသာဖြစ်ရလေသည်။ ဒီတော့ ဒကာ၊ ဒကာမတွေက ဒီတိုင်းဘဲကြည့်နေကြတော့မှာလားဘုရား၊ ဘာမှမလုပ်ပေးနိုင်ကြတော့ဘူးလားဘုရားဆိုတဲ့ လျှောက်ကြားချက်တွေ၊ တောင်းဆိုသံတွေကြောင့်ရယ်၊ တကယ်လည်း သာသနာ့ရန်ကို ကာကွယ်ဘို့လိုအပ်နေပြီလို့ ဘုန်းကြီးတို့ကိုယ်တိုင်သဘောပေါက်မိတဲ့အတွက် ခုလို အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ကို ဖွဲ့စည်းလိုက်ရတာဘဲဖြစ်တယ်။ အဓိကကတော့ သာသနာ့ ရန်ကို ကာကွယ်ဖို့ပါဘဲ။ မြန်မာဆိုတာက ဗုဒ္ဒဘာသာနဲ့ပတ်သက်လာရင် အင်မတန်စည်ကားတဲ့တိုင်းပြည်ကြီး။ ဟိုးလေးတကျော်ဖြစ်တဲ့ နိုင်ငံကြီး။ ဒီနိုင်ငံမှာဒီလိုဖြစ်လာတော့ သာသနာအပေါ်ကျရောက်လာမယ့် အန္တရာယ်ကို ကာကွယ်ဖို့(၁) ရည်ရွယ်ပြီး ဒီသာသနာ့ဥသျှောင်အဖွဲ့ကိုဖွဲ့စည်းရခြင်းဘဲဖြစ်တယ်။ ထိုကဲ့သို့သာသနာ့ဥသျှောင် ပီနန်ဆရာတော်ဘုရားကြီး၏ရည်ရွယ်ချက်၊ သြ၀ါဒတို့နှင့်အညီ အာရှ၊ ဥရောပကမ္ဘာနေရာအနှံ့အပြားတွင် သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့များကို ဖွဲ့စည်းလိုက်လေသည်။ အဖွဲ့ချုပ်သည် အမေရိကန်နိုင်ငံ၊ နယူးယော့မြို့၌ရုံးစိုက်ပြီး ကျန်နိုင်ငံများ၌အဖွဲ့ခွဲများအဖြစ်ဖွင့်လျစ်ခဲ့လေသည်။ ထိုအဖွဲ့ခွဲများ တွင် အိန္ဒိယနိုင်ငံ သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့သည်လည်း တစ်ခုအပါအ ၀င်ဖြစ်လေသည်။ သာသနာ့ဥသျှောင်အိန္ဒိယအဖွဲ့ခွဲအား နယူးဒေလီမြို့၊ ရှစ်လေးလုံးကျောင်းတိုက်ဆရာတော် ဦးပညာဝရမှ ဦးဆောင်ကာ မြတ်စွာဘုရားမာရ်ငါးပါးကိုအောင်မြင်တော်မူရာ ဗောဓိပင်နှင့်ရွှေပလ္လင်ရင်း၌ ဖွဲ့ စည်းခဲ့လေသည်။ ဗောဓိပင်နှင့်ရွှေပလ္လင်ရင်း၌ဖွဲ့စည်းရခြင်းသည် မြတ်စွာမာရ်ငါးပါးကိုအောင်မြင်တော်မူသကဲ့ သို့မာရ်နတ်၏အသင်းအပင်းသို့မဟုတ်မာရ်နတ်ထက်ဆိုးသွမ်းယုတ်မာသော အာဏာရှင်စစ်တပ်အား အောင် ခြင်းမင်္ဂလာတွေဖြစ်စေရန် ရည်ရွယ်၍ဖွဲ့စည်းခဲ့ရခြင်းဖြစ်လေသည်။

အာဆီယံပေါ် ကွန်ဒိုလီဇာရိုက်စ်၏ တိုက်တွန်းချက်အား မြန်မာအတိုက်အခံများ ကြိုဆိုကိုသက်
သတင်း (ဧရာဝတီ)
အာဆီယံပေါ် ကွန်ဒိုလီဇာရိုက်စ်၏ တိုက်တွန်းချက်အား မြန်မာအတိုက်အခံများ ကြိုဆိုကိုသက် ဇူလိုင် ၂၄၊ ၂၀၀၈
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က အာဆီယံ အနေနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ပိုမို လုပ်ဆောင်သင့်ကြောင်း ပြောဆိုမှုကို မြန်မာ့ဒီမိုကရေစီ အင်းအားစုများက ကြိုဆိုလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
စင်ကာပူနိုင်ငံတွင် လတ်တလောကျင်းပလျက်ရှိသည့် အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေး၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ပြောဆိုခြင်းဖြစ်သည်။
အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကွန်ဒိုလီဇာရိုက် (စ်) ပြောတာကတော့ ကျနော်တို့ အတိုက်အခံပါတီ၊ ဒီမိုကရေစီလှုပ်ရှားသူတွေ အားလုံးလိုချင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့စကားတွေလို့ မြင်ပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံ၏ တိုက်တွန်းချက်များနှင့်ပတ်သက်၍ အာဆီယံအဖွဲ့က မူလကချမှတ်ထားသည့် မူဝါဒများကို ပြုပြင်ပြောင်းလဲသည့်သဘောထား ပေါ်ပေါက်လာနိုင်မည်ဟု မျှော်လင့်ရကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “အမေရိကန်က နိုင်ငံတခုချင်းအနေနဲ့ကော လုံခြုံရေးကောင်စီ၊ အာရှနိုင်ငံများ အနေနဲ့ပါ နည်းလမ်းအမျိုးစုံနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ လူ့အခွင့်အရေးတွေအတွက် တလျှောက် လုံးလုပ်လာခဲ့တဲ့အတွက် ၀မ်းသာအားရဖြစ်မိပါတယ်၊ ကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀န်းက အာဆီယံအဖွဲ့ကို ဖိအားပေးမှုများရှိခဲ့ သော်လည်း ၎င်းအဖွဲ့က လက်တွေ့ကျသည့် အစီအစဉ်များကို လုပ်ဆောင်ခြင်းမရှိဟုလည်း ကိုထွန်းမြင့်အောင်က ပြောသည်။
“မြန်မာစစ်အုပ်စုကို ကိုင်တွယ်ရခက်တာကို သူတို့ (အာဆီယံ) သိတယ်၊ မြန်မာဟာ အာဆီယံအဖွဲ့ထဲမှာ အရှုပ်ထုပ်ကြီး ဖြစ်နေတယ်ဆိုတာကိုလည်း သူတို့သိတယ်။ ဒါပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှုမျိုးမရှိဘူး။ အာဆီယံနိုင်ငံတွေရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို တန်းဖိုးထားမှုကိုက လျော့နေတယ်လို့မြင်တယ်။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေအပေါ်မှာ ပိုပြီးအလေး ကဲနေတယ်လို့ ကျနော်မြင်တယ်” ဟု ကိုထွန်းမြင့်အောင်က သုံးသပ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် နိုင်ငံရေး ပြဿနာများ ပြေလည်စေရေးအတွက် အဓိကအချက်တချက်ဖြစ်သောကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် မြန်မာစစ်အစိုးရကို ယခုရက်ပိုင်းအတွင်း ထပ်မံတောင်းဆိုထားပြီး မေလအတွင်း က ဒေါ်စုအား အကျယ်ချုပ်သက်တမ်းတနှစ် ထပ်တိုးလိုက်သည့်အပြော လွန်စွာစိတ်ပျက်မိသည်ဟုလည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယို က ပြောဆိုသည်။
အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေးသို့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်လျက်ရှိပြီး လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းမှုပါဝင်သည့် အာဆီယံ ပဋိညာဉ်စာတမ်းကို စစ်အစိုးရကိုယ်စား ယခုအပတ် တင်္နလာနေ့က လက်မှတ်ရေးထိုးခဲ့သည်။
“အာဆီယံအသိုင်းအ၀န်းမှာ လူအခွင့်အရေးကို လူတိုင်းခံစားဖို့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက သဘောတူတာကို ကျနော်တို့ ကျေနပ်ပါတယ်။ လက်မှတ်ထိုးရုံတင်မက တကယ်အကောင်အထည်ဖော်ဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ အာဆီယံ အဖွဲ့ကိုလည်း စီးပွားရေးအဖွဲ့အစည်းအပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတခု အဖြစ် ဖြစ်ပေါ်စေချင်ပါတယ်” ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။လွန်ခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာအကူအညီများကို နအဖ စစ်အစိုးရက တင်းခံခဲ့ရာ အာဆီယံအဖွဲ့က ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ချီးမွမ်းခဲ့သည်

အာချဲအိပ်မက် ပျက်မပျက် (ခေတ်ပြိုင်ဂျာနယ်)
အာချဲအိပ်မက် ပျက်မပျက်
နာဂစ်မုန်တိုင်းထိဒေသများကြောင့် မြန်မာနိုင်ငံ၌ ဆန်ပြတ်လပ်မှာ စိုးရိမ်စရာ မရှိကြောင်း စစ် အစိုးရက ကြေညာ၏။ သို့သော် လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှစ၍ ရန်ကုန်မှာ ဆန်ပြတ်လပ်ပြီး တပြည်လုံး လူမှုရေးအုံကြွမှုများ ဖြစ်လာနိုင်သည်ဟု ပကတိ စီးပွားရေး ကိန်း ဂဏန်းများကို အခြေပြုပြီး ခေတ်ပြိုင်က ထောက်ပြထား၏။
တဘက်ကလည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ သုံးလအတွက် ဆန်ကို ဈေးမတင်ဘဲ ထိန်းရောင်းပေးရန် ရန်ကုန် ဒုတိယမြို့တော်ဝန် မောင်ပါက ရန်ကုန်ဘုရင့်နောင် ဆန်ကုန်သည် ကြီးများကို မကြာခင်က ကြိတ်ပြီး အမိန့်ထုတ်ထားပြန်၏။ ထိုအချက်က ဆန်ပြတ်လပ်မည့်ကိစ္စ စစ်အစိုးရ မည်မျှပူပန်နေသည်ကို ထင်ထင်ရှားရှား ပြနေ၏။ ဈေးကွက်ကို အမိန့်ဖြင့် ၀င်ရောက် စွက်ဖက်ခြင်းသည် စင်စစ် ဈေးကွက်စီးပွားရေးကို ဆန့်ကျင်ခြင်းဖြစ်၏။
ဒုတိယမြို့တော်ဝန် မောင်ပါ၏ အမိန့်ကြောင့် ဘုရင့်နောင် ဆန်ကုန်သည်ကြီးများ လုပ်စားရန် မဖြစ် တော့ဘဲ ဆန်ပွဲရုံများ ပိတ်ရမည့်ကိန်း ဆိုက်နေ၏။ လက်တွေ့အခြေအနေကို ကြည့်လျှင်လည်း စပါး ဈေးက အောက်မြန်မာနိုင်ငံတွင် တင်း (၁၀၀) ကို ကျပ် (၄) သိန်းဝန်းကျင်ထက် လျော့ခြင်းမရှိ။ ဆန်ဈေးကလည်း ထိပ်စဆန်ဈေးက တတင်းခွဲ တအိတ်ကို (၃၆,၀၀၀) ကျော်နေသည့်အတွက် ၂၀၀၆ ခုနှစ် ယခုအချိန် ဈေးထက် (၂) နှစ်အတွင်း (၁၂၅) ရာနှုန်း တက်လာ၏။ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ထုတ်ပြန်သည့် စာရင်းအရ မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံရသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း (၁၁) မြို့နယ်တွင် စပါးစိုက်နိုင်သည့် ဧကမှာ ထို (၁၁) မြို့နယ်ရှိ စုစုပေါင်း စိုက်ဧက၏ (၄၄) ရာနှုန်းသာရှိ၏။ ၂၀၀၈ မိုးစပါး စိုက်ရန် လိုသည့် မျိုးစပါးတန်ချိန်မှာ အဆိုပါ (၁၁) မြို့နယ်အတွက် တန်ချိန် (၃) ထောင်ကျော် လို၏။ အဆိုပါ (၁၁) မြို့နယ်၏ ခိုင်းကျွဲ၊ ခိုင်းနွား ဆုံးရှုံးမှုမှာ မုန်တိုင်းမတိုက်မီကာလ အရေအတွက်၏ (၃၄) ရာနှုန်းရှိ၏။
လက်တွေ့အခြေအနေကို ကြည့်လျှင် ဆားငန်ရေ၀င်သည့် ပြဿနာ၊ ခိုင်းကျွဲ၊ ခိုင်းနွား မလုံလောက် သည့်ပြဿနာ၊ လယ်လုပ်သား ရှားပါးသည့်ပြဿနာ စသည်တို့ကြောင့် (၄၄) ရာနှုန်းပြည့်အောင် ပြန်စိုက်နိုင်ရန်မလွယ်။ လိုအပ်သည့် မျိုးစပါးလည်း အပြည့်အ၀ မရသည့်ပြင် မိုးစပါးစိုက်ချိန်လည်း လွန်နေပြီဖြစ်၏။
မိုးစပါးအထွက်ကို မျှော်ကိုး၍ မရသည့်အခြေအနေတွင် ကုန်သည်ကို စစ်အစိုးရက ဓားကြိမ်းကြိမ်း ပြီး လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာအတွက် ဆန်ဈေးထိန်းရန်ဆိုသည်မှာ ရယ်စရာ ဖြစ်နေ၏။ မြန်မာစစ်အစိုးရ ကြိတ်ပြီး ချောက်ချားနေသည်မှာ ပေါ်လွင်၏။
စင်စင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေခြင်းကို စစ်အစိုးရ သဘောမပေါက်။ ပြည်သူတရပ်လုံး ယူကျုံးမရ ဖြစ်နေသည့် နာဂစ်မုန်တိုင်းဖြစ်သည့်ကိစ္စ အခွင့်ကောင်းယူပြီး အန်အယ်လ်ဒီနှင့် ပူးပေါင်း နိုင်ငံရေးအဖြေရှာခဲ့လျှင် ပြည်သူကလည်း ထောက်ခံမည်၊ နိုင်ငံတကာမှာလည်း မျက်နှာပွင့်မည်ကို စစ်ခေါင်းဆောင်များ သိဖို့ကောင်း၏။ကမ္ဘာ့အတွေ့အကြုံကိုကြည့်လျှင် နိုင်ငံရေးနှင့် သဘာဝဘေးအနရာယ်တို့ ဆက်စပ်မှုရှိ၏။ သဘာဝ ဘေးအနရာယ်ဒဏ် ဆိုးရွားလေ နိုင်ငံရေးမတည်ငြိမ်မှု ပိုများလေဖြစ်သည်ဟု နိုင်ငံတကာ လေ့လာ သူတွေက ယူဆ၏။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှုနည်းသည့် နိုင်ငံများတွင် ပို၍ မတည်ငြိမ်မှုများလေဟု ထောက်ပြကြ၏။
၂၀၀၄ ဆူနာမီ မတိုင်ခင်ကဆိုလျှင် အင်ဒိုနီးရှားအစိုးရနှင့် ဆူနာမီဒဏ်ခံရသည့် အာချဲပြည်နယ်ကြား နိုင်ငံရေး ပဋိပက္ခကြီးမား၏။ အာချဲခွဲထွက်ရေးသမားများနှင့် အင်ဒိုနီးရှား အစိုးရကြား နှစ် (၄၀) ကျော် ဖြေရှင်းမရသည့် နိုင်ငံရေးပြဿနာဖြစ်၏။ အာချဲပြည်နယ်ကို ကမ္ဘာနှင့်အဆက်ဖြတ်ထားပြီး စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားသည့်အချိန် ဆူနာမီဝင်လာခြင်းဖြစ်၏။ ထိုအချက်ကို အခွင့်ကောင်းယူ၍ ဆူနာမီမတိုင်မီ (၂) လအလိုမှာ အင်ဒိုနီးရှားသမ္မတဖြစ်လာသူ ဆူဆီလိုဘန်ဘန်းက အာချဲလက်နက် ကိုင် ခွဲထွက်ရေးသမားများနှင့် ဆွေးနွေး၏။
ဆွေးနွေးမှုရလဒ်အဖြစ် ဆူနာမီဒဏ်ခံရသည့် အာချဲကို နိုင်ငံတကာက အချိန်မီ ကယ်ဆယ်ခွင့် ရသကဲ့သို့ ပြန်လည်တည်ဆောက်ရေးကိုလည်း အလုံးအရင်းနှင့် ကူညီခွင့်ရ၏။ နောက်ဆုံး အင်ဒို နီးရှားအစိုးရနှင့် အာချဲခွဲထွက်ရေးသမားများကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်၏။ အာချဲခွဲထွက် ရေးခေါင်းဆောင်ကို အာချဲပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်နိုင်ခဲ့၏ ထိုအချက်ကို ကမ္ဘာက ဥပမာကောင်းအဖြစ် ယူဆ၏။
မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ပြီဆိုတော့ အာချဲမှာ ကူညီခဲ့သည့် နိုင်ငံတကာ စစ်သင်္ဘောများ ကယ်ဆယ်ရန် အချိန်မီရောက်လာ၏။ မြန်မာစစ်အစိုးရက အန်အယ်လ်ဒီနှင့် ဆွေးနွေးပြီး ဧရာဝတီ တိုင်း ကယ်ဆယ်ရေး ဖွင့်ပေးလေမလား ကမ္ဘာက မျှော်လင့်၏။ အာချဲကဲ့သို့ ဖြစ်နိုးနိုးအများက စိတ်ကူးယဉ်၏။ ပိတ်နေသည့် မြန်မာ့နိုင်ငံရေးကို နာဂစ်က ဖွင့်လေမလား အိပ်မက်မက်သူများက မက်၏။
လက်တွေ့အခြေအနေတွင်မူ အန်အယ်လ်ဒီသည် အာချဲခွဲထွက်ရေးသမားများကဲ့သို့ ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ပါတီမဟုတ်။ တပြည်လုံးက မဲဆန္ဒ ရှင်များလိုလားသည့်အချက် အကောင်အထည်ဖော်ရန် တာဝန်ရှိသည့် ပါတီဖြစ်၏။ အကြမ်းမဖက် လမ်းစဉ် စွဲကိုင်သည့်ပါတီဖြစ်၏။ ပါတီခေါင်းဆောင်ကလည်း အကျယ်ချုပ်ကျနေ၏။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဆူနာမီကာလ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်းကဲ့သို့ စိတ်ရင်းမျိုးထားနိုင်သူမဟုတ်။ နာဂစ်ကြောင့် အလောင်းများ သိန်းသန်းချီနေသည်ကိုပင် သတင်း ပတ်အတော်ကြာသည်ထိ လှည့်မကြည့်ဘဲ နေရက်သူဖြစ်၏။ ပြည်သူနှင့် အတိုက်အခံအပေါ် ရက်စက်ရန် ၀န်မလေးသူဖြစ်၏။ ထို့ကြောင့်လည်း ဧရာဝတီတိုင်း ကယ်ဆယ်မည့် နိုင်ငံတကာ စစ်သင်္ဘောများကို လက်ညိုးထိုးပြီး ရန်လုပ်တော့၏။ ခေတ်သစ် ငရမာန်ကန်းနှင့် စောလူးမင်း ပုံပြင်ဟုပင် ဆိုနိုင်၏။
ဇာတ်ပေါင်းသော် ကယ်ဆယ်ရေးထက် ပြည်သူအလောင်းများပေါ် စစ်ဖိနပ်နင်း၊ ဆန္ဒခံယူပွဲလုပ်ပြီင်္း စစ်အစိုးရက တဖက်သတ်အနိုင်ယူသွား၏။ ပြည်သူများ မျက်ရည်မစဲခင် စစ်အုပ်ချုပ်ရေးကို အာမခံ ချက်ပေးမည့် ရွေးကောက်ပွဲခြေလှမ်းသစ်ကို စစ်အစိုးရက ပြင်၏။ အန်အယ်လ်ဒီကလည်း စစ်အစိုးရ ဆန္ဒခံယူပွဲကို ကန့်ကွက်ရင်း အသံတိမ်သွား၏။ ဤတွင် မြန်မာ့နိုင်ငံရေးအတွက် အာချဲအိပ်မက် ပျက်လေပလားဟု တွေးရန်ရှိ၏။
စစ်အစိုးရအခြေအနေမှာလည်း အာဏာ လက်နက်နှင့် အုပ်ချုပ်ခွင့်ရနေသည့်တိုင် နိုင်ငံရေးအရ အသာစီးမဟုတ်၊ စစ်အစိုးရမျှော်မှန်းသည့် ပထမကြိမ် လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ပြီးမှသာ စိတ် အေးရမည့် အနေအထားဖြစ်၏။ အန်အယ်လ်ဒီမှာလည်း စစ်အစိုးရနှင့် ဆွေးနွေးခွင့် မရသေးသည့် တိုင် နိုင်ငံရေးအရ နာလန်မထူတော့သည့် အနေအထားမဟုတ်။
အာချဲအိပ်မက် ပျက်မပျက်ဆိုသည်မှာ မြန်မာစစ်ခေါင်းဆောင်များအပေါ်တည်၏။ ဆန်အကျပ် အတည်းရောက်မှ အန်အယ်လ်ဒီနှင့် ဆွေးနွေးရသည်ဆိုလျှင် တိုင်းပြည် ပိုနာမည်။ မြန်မာစစ်ခေါင်း ဆောင်များ အမြင်မှန်ရရန် ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။ ။

ဦးဂမ္ဘီရနှင့် မြန်မာသံဃာတော်များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆု ချီးမြှင့်ခံရဧရာဝတီ |
Tuesday, April 22, 2008
ဦးဂမ္ဘီရနှင့် မြန်မာသံဃာတော်များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆု ချီးမြှင့်ခံရဧရာဝတီ ဧပြီ ၂၂၊ ၂၀၀၈
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရနှင့် မြန်မာသံဃာတော် များအား အင်္ဂလန်နိုင်ငံအခြေစိုက် Index on Censorship မဂ္ဂဇင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုကို ချီးမြှင့်လိုက် ကြောင်း သိရသည်။
ယမန်နှစ်က မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးသည် လူ့အခွင့်အရေးအဖွဲ့များ အာရုံစိုက်စရာဖြစ်စေခဲ့သလို ဆရာတော် ဦးဂမ္ဘီရ သည်လည်း ၎င်းလှုပ်ရှားမှုတွင် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သော ကြောင့် ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့ညနေက လန်ဒန်တွင်ပြုလုပ် သည့် ဆုပေးပွဲ၌ု Index on Censorship မဂ္ဂဇင်း၏ တာဝန်ခံကပြောဆိုကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။
အဆိုပါဆုကို လန်ဒန်မြို့ရှိ ဆရာတော် ဦးဥတ္တရနှင့် ဘလော့ဂါ ကိုထိုက်တို့က လက်ခံရယူခဲ့ကြောင်းလည်း သိရသည်။
ဆရာတော် ဦးဂမ္ဘီရသည် ရန်ကုန်တိုင်း ရဟန်းပျိုအဖွဲ့၏ ဦးဆောင်ဆရာတော်တပါးလည်းဖြစ်ပြီး လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
အရှင်ဂမ္ဘီရအား စစ်အစိုးရက အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီချုပ်နှောင်ထားသည်။ အဖမ်းခံနေရသည့် ကာလအတွင်း ၌ပင် ဦးဂမ္ဘီရသည် မေတ္တာပို့ဆုတောင်းခြင်းကို ဆက်လက်ပြုလုပ်ခဲ့သည်။ အနာဂတ် မျိုးဆက်သစ်များ စစ်ကျွန်ဘ၀သို့ မရောက်ရလေအောင် စစ်အစိုးရ၏ အခြေခံဥပဒေအား မထောက်ခံကြရန် ထောင်ဝင်စာတွေ့ခွင့်ရသည့် မိသားစုဝင်များမှ တဆင့် ပြည်သူလူထုကို ပန်ကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တားဆီးခြင်း၊ ထိန်းသိမ်းခြင်းခံထားရသူများနှင့် ပြစ်ဒဏ်ချမှတ်ခံထားရခြင်းမရှိဘဲ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းခံနေရသူများသည် ဆန္ဒခံယူပွဲဥပဒေအရ မဲပေးခွင့် ရှိသူများဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။
၎င်းကြေညာချက်တွင် “ဤပုဂ္ဂိုလ်များသည် မဲစာရင်းတွင် ၎င်းတို့၏အမည် ပါဝင်ရန်လည်းကောင်း၊ ဆန္ဒမဲပေးရန်လည်း ကောင်း၊ ဥပဒေပြဌာန်းချက်များအရ အာဏာပိုင်တို့၏တာဝန်ဖြစ်ကြောင်း ကြေညာလိုက်သည်” ဟု ဖော်ပြထားသည်။
စစ်အစိုးရက သာသနာ့ဝန်ထမ်းများ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေကပြဌာန်းထားသည့်အတိုင်း သတ်မှတ် ခြင်းခံရသူများ၊ ပြစ်မှုတခုခုကြောင့် တရားရုံး၏အမိန့်စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူများ၊ ပြည်ပသို့တရားမ၀င် ရောက်ရှိနေသူများနှင့် နိုင်ငံခြားသားများအား မဲပေးခွင့်မရှိကြောင်း ဥပဒေပြဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်နိုင်သည့်အဆို နားလည်မှု လွဲမှားခြင်းဖြစ်
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်နိုင်သည့်အဆို နားလည်မှု လွဲမှားခြင်းဖြစ် (ဗွီအိုအေ)
21 July 2008
နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်တနှစ်မပြည့်ခင် အချိန်အတွင်းမှာ လွတ်မြောက်လာနိုင်တဲ့သဘောမျိုးမြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရည်ညွှန်းပြောကြားခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေး
ဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က အစောပိုင်းမှာ ပြောခဲ့တာဟာနားလည်မှုလွဲပြီး ပြောခဲ့တာလို့ စင်ကာပူ နိုင်ငံခြားရေးဌာနက ဒီနေ့မှာ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံရေးသမားတယောက်ကို ၆ နှစ်အထိ ထိန်းသိမ်းထားနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာ နောက် ၆ လအတွင်းမှာ ၆နှစ်ပြည့်တော့မှာဖြစ်ကြောင်းကို တနင်္ဂနွေနေ့တုန်းက အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေး
ဝန်ကြီးတွေရဲ့ ညစာစားပွဲမှာ ဦးဉာဏ်ဝင်းက ရှင်းပြခဲ့ကြောင်း ဂျော့ခ်ျယိုးက ပြောခဲ့တာပါ။
တကယ်ကတော့ ၂၀၀၉ ခုနှစ် မေလကနေ နောက်ထပ် ၆ လအကြာမှာမှ ထိန်းသိမ်းထားတဲ့သက်တမ်း ပြည့်မှာဖြစ်တယ်လို့ မြန်မာဘက်က ပြန်ပြီးရှင်းပြကြောင်း စင်ကာပူအစိုးရရဲ့ ဒီနေ့ ဖြေရှင်းချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်ပြီး သက်တမ်းတိုးခဲ့တဲ့အပေါ်မှာ အင်မတန်စိတ်ပျက်မိကြောင်း အာဆီယံအဖွဲ့က အစောပိုင်းတုန်းကကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ
ဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို စစ်အစိုးရက လွှတ်ပေးဖို့လည်း ကြေညာချက်ထဲမှာ ထပ်ပြီးတောင်းဆိုထားပါတယ်။
တခါ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ လူ့အခွင့်အရေးတွေ တိုးတက်လာစေဖို့ရည်ရွယ်တဲ့ အာဆီယံပဋိညာဉ်ကို မြန်မာစစ်အစိုးရက အတည်ပြုခဲ့ပါတယ်။ အဖွဲ့ဝင်၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံဝန်ကြီးများရဲ့ နှစ်ပတ်လည်စည်းဝေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံပဋိညာဉ်ကို မြန်မာနိုင်ငံက အတည်ပြုကြောင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ခုလို အာဆီယံပဋိညာဉ်ကို အတည်ပြုလိုက်တာဟာအာဆီယံရဲ့ ဘုံတန်ဖိုးတွေကို အလေးအနက်ထားတယ်ဆိုတာ ပြသတာလည်းဖြစ်တယ်လို့ ၀န်ကြီး ဦးဉာဏ်
ဝင်းက ပြောခဲ့ပါတယ်။

Subscribe to:
Posts (Atom)